အင်ဒိုနီးရှားရေပိုင်နက်တွင် အလုပ်လုပ်ကိုင်စဉ် မြန်မာသင်္ဘောသား သုံးဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရန်ကုန်မြို့သို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သည့် မြန်မာသင်္ဘောသား သုံးဦးမှာ ကိုသူရဇော် အသက်(၃၈)နှစ်၊ ကိုဇော်မင်းထက် (၃၄)နှစ်၊ ကိုဟန်ထူးအောင် အသက်(၂၈)နှစ်တို့ဖြစ်ပြီး အင်ဒိုနီးရှားရေပိုင်နက်အတွင်း နိုင်ငံခြားသင်္ဘောပေါ်၌ အလုပ်လုပ်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ရုပ်အလောင်းများကို မေ ၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြောက်ဥက္ကလာပဆေးရုံကြီးသို့လည်းကောင်း၊ ထိုမှတဆင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ရေဝေးသုဿန်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း နာရေးကူညိီမှုအသင်း(ရန်ကုန်)က ထုတ်ပြန်ထားသည်။
“ညီလေးဟန်ထူးအောင်ရေ သွားနှင့်တော့ကွာ။ မင်းရဲ့နောက်ဆုံးခရီးကို လိုက်မပို့နိုင်တာ စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။ လူတိုင်းသွားရမယ့် လမ်းဆိုပေမယ့် မင်းထွက်သွားတာ စောလွန်းတယ်ကွာ။ စိတ်ကောင်းရှိတဲ့ ညီလေးကောင်းမွန်ရာဘုံဘဝကိုရောက်မှာပါ” ဟု သေဆုံးခဲ့သည့် ကိုဟန်ထူးအောင်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါသင်္ဘောသားသုံးဦးမှာ ကုန်တင်သင်္ဘော၏ အလုံပိတ်ခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာမှ အောက်စီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြန်မာသင်္ဘောသားအသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့်လပိုင်းကလည်း MV GUO QIANG 8 တွင် Fitter တာဝန်ထမ်းဆောင်သူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင်နှင့် ကိုအုပ်စိုးအောင်တို့ နှစ်ဦးမှာ သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက်အလုပ်လုပ်စဉ် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့သည်။
ဓာတ်ပုံ- နာရေးကူညီမှုအသင်း(ရန်ကုန်)















