မေ ၂၃ ရက်ညနေပိုင်းက ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက် လမ်းမများပေါ်တွင် သေနတ်သမားတစ်ဦးက Secret Service အေးဂျင့်များကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် Secret Service အေးဂျင့်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သေနတ်သမားသေဆုံးသွားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။
ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး Secret Service အဖွဲ့က အသေးစိတ် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် (၁၇) လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်းအနီးတွင် လူတစ်ဦးက ၎င်း၏အိတ်ထဲမှ လက်နက်တကို ထုတ်ကာ Secret Service အေးဂျင့်များကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် Secret Service အေးဂျင့်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သံသယရှိသူအား သေနတ်ကျည် ထိမှန်ခဲ့ကာ ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ဆေးရုံက အတည်ပြုခဲ့သည်။
ထို့ပြင် လမ်းသွားလမ်းလာတစ်ဦးလည်း သေနတ်ကျည် ထိမှန်ခဲ့ကြောင်း Secret Service အဖွဲ့က ပြောကြားခဲ့သော်လည်း ၎င်း၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍မူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေ။ Secret Service အေးဂျင့်များထဲတွင် ဒဏ်ရာရရှိသူမရှိကြောင်း ဖော်ပြထားသည်။
သံသယရှိသူမှာ အသက် ၂၁ နှစ်အရွယ် နာဆိုင်းယာ ဘက်စ်ဆိုသူဖြစ်ကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့သည်။
ဘက်စ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းက အိမ်ဖြူတော်ထဲသို့ အဓမ္မဝင်ရောက်ရန် ကြိုးပမ်းခဲ့သဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက အဆိုပါသတင်းဌာနသို့ ပြောကြားခဲ့သည်။
Source: BBC
Photos- AFP














