ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခုမေလနောက်ဆုံးပတ်တွင် ကုန်စုံဝင်ရောက်မှု နည်းပါးနေပြီး စျေးဆိုင်များတွင် အရောင်းအဝယ်အေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခုရက်ပိုင်းတွင် ပိဿချိန် ၅ သောင်းအောက်သာ ဝင်ရောက်ပြီး တစ်ပိဿ ၂၁၀၀ ကျပ်ထိ ပေါက်စျေးရှိကြောင်း သိရသည်။
“ ပုံမှန်ဆို ဒီစျေးတန်းမှာ ကြက်သွန်က ၁ ရက်ပိဿ ၇ သောင်းအထက်ဝင်နေကြ။ အခုလမ်းပိုင်းတွေ သွားလာလို့ အဆင်မပြေတာလား ပခုက္ကူကနေ စျေးဝယ်ပြန်ဖို့ အခက်အခဲရှိတာကြောင့်လား ကုန်ဝင်ပါးတယ် “ ဟု ပခုက္ကူမြို့ခံတစ်ဦး ကပြောသည်။
မြစ်ရေဝင်ဒေသများမှ ပဲအမျိုးမျိုး လာရောက်ရောင်းချမှု နည်းပါးနေပြီး ကုန်ကားများ အပြန်ကုန်စည်သယ်ယူရေး အခက်အခဲများရှိကြောင်း သိရသည်။
“ ရွာကနေ ပဲအိတ်နဲ့ လာပြီး အပြန်ကို ဆန်ဆီဆားနဲ့ တစ်ခြားကုန်စုံတင်ပြီး ပြန်ကြတာ။ အခု အလာမှာ ကုန်ရတယ်။ အပြန်ကုန် တင်မရတော့ ရွာဖက်တွေက မလာကြဘူး။ ပခုက္ကူစျေးက နေ့လည် ၁၂ နာရီလောက်ဆို စျေးသည်နဲ့ အလုပ်သမားပဲကျန်တယ် စျေးဝယ်သူက မရှိဘူး” ဟု စျေးသည်တစ်ဦး ကပြောသည်။
ပခုက္ကူမြို့ရှိ စျေးသည်များမှာ လက်တလောတွင် ညောင်ဦးမြို့နယ်ဖက်မှ လာရောက်သည့် စျေးဝယ်များအား အဓိကရောင်းချနေရပြီး ရေစကြို ၊ မြိုင် ၊ ပေါက်မြို့နယ်နှင့် ကုန်စည်ရောင်းဝယ်မှု သိသာစွာလျော့ကျသွားကြောင်း သိရသည်။















