ဆေးရုံတင်ထားရသည့် ထိုင်းတော်ဝင်မင်းသမီး၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာ

ဆေးရုံတင်ထားရသည့် ထိုင်းတော်ဝင်မင်းသမီး၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာ
Published 21 May 2026
Ref: AFP

ဆေးရုံတွင် သုံးနှစ်ကျော်ကြာ ကုသမှုခံယူနေရသည့် ထိုင်းတော်ဝင်မင်းသမီး၏ ကျန်းမာရေးအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ထိုင်းဘုရင်ကြီး မဟာ ဗာဂျီရာ လောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်သူ မင်းသမီး ဘာဂျာကီတီယာဗာ မဟီဒေါလ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လေ့ကျင့်ရေးအစီအစဉ်တစ်ခု၌ ပါဝင်နေစဉ် ရုတ်တရက် နာမကျန်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကတည်းက ဆေးရုံတွင် ကုသမှုခံယူနေရခြင်း ဖြစ်သည်။

၎င်းသည် သွေးအတွင်းရောဂါပိုးများဝင်ရောက်မှုကြောင့် သွေးဆိပ်သင့်သည့်ရောဂါကိုခံစားခဲ့ရပြီး၊ အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများဖြင့် အထောက်အကူပြုပေးထားရကြောင်း နန်းတော်က ယခင်က ထုတ်ပြန်ထားခဲ့သည်။

မေ ၂၁ ရက်တွင် ထုတ်ပြန်သည့် နန်းတော်၏ ကြေညာချက်တစ်ခု၌ မင်းသမီးသည် အူမကြီးရောင်ရမ်းရာမှတစ်ဆင့် ဝမ်းဗိုက်အတွင်း ပိုးဝင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး သွေးပေါင်ချိန်ကျဆင်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် ပုံမှန်မဟုတ်သည့် သွေးပျစ်ခြင်းတို့ကို ခံစားနေရကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် Princess Bha ဟု လူသိများသည့် အသက် ၄၇ နှစ်အရွယ် မင်းသမီးသည် ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း၏ ပထမဆုံးအိမ်ထောင်နှင့် ရရှိခဲ့သော တစ်ဦးတည်းသော သမီးတော် ဖြစ်သည်။

အိမ်ထောင်လေးဆက်ဖြင့် သားသမီး ခုနစ်ဦး မွေးဖွားခဲ့သည့် အသက် ၇၃ နှစ်အရွယ် မဟာဗာဂျီရာ လောင်ကွန်းသည် နန်းလျာဆက်ခံခွင့် စည်းမျဉ်းများအရ အမျိုးသားများကို ပိုမိုဦးစားပေးထားသော်လည်း ၎င်း၏ အရိုက်အရာကို ဆက်ခံမည့်သူအား တရားဝင် ထုတ်ဖော်ကြေညာထားခြင်း မရှိသေးပေ။

 

Most Read

Most Recent