ဖရိုင်းဘတ် - အက်စတွန်ဗီလာ (မေ ၂၁ ရက် နံနက် ၁း၃၀ နာရီ)
နှစ်သင်းစလုံး ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာခဲ့ခြင်းဖြစ်တာကြောင့် ဘယ်အသင်း ချန်ပီယံအသင်းသစ် ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဖရိုင်းဘတ်က ဥရောပအဆင့် ဗိုလ်လုပွဲကို ပထမဆုံးတက်ရောက်နိုင်တာဖြစ်ပြီး အက်စတွန်ဗီလာကတော့ ဥရောပဖလား(အခု ချန်ပီယံလိဂ်)မှာ ဗိုလ်စွဲဖူးတဲ့အသင်း ဖြစ်ပါတယ်။ ဒီရာသီ ယူရိုပါလိဂ်ဖြတ်သန်းမှုချင်း နှိုင်းယှဉ်ကြည့်ရင်တော့ လိဂ်အဆင့်မှာတုန်းက နှစ်သင်းစလုံး တစ်ပွဲစီသာ ရှုံးနိမ့်ခဲ့ပြီး အက်စတွန်ဗီလာက အဆင့်(၂)နေရာ၊ ဖရိုင်းဘတ်က အဆင့်(၇)နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ (၁၆)သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်တွေကို နှစ်ကျော့စလုံးအနိုင်ယူကျော်ဖြတ်ခဲ့ကြပြီး ဆီမီးဖိုင်နယ်မှာတော့ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ကြပါတယ်။ ဒါကြောင့် ဖြတ်သန်းမှုချင်း သိပ်မကွာခြားသလို၊ လတ်တလောရလဒ်ပိုင်းတွေလည်း သိပ်မကွာခြားကြပါဘူး။ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပြီးဖြစ်တဲ့ အက်စတွန်ဗီလာထက် ဘွန်ဒစ်လီဂါမှာ အဆင့်(၇)နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ ဖရိုင်းဘတ်အတွက် ဒီဆုဖလားက တန်ဖိုးပိုကြီးနေပါတယ်။ ဒါပေမဲ့ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ယူရိုပါလိဂ်ဖလားနဲ့ အကျွမ်းတဝင်ရှိလွန်းသလို၊ ကစားသမားအင်အားကလည်း ပိုတောင့်တင်းတာကြောင့် အက်စတွန်ဗီလာကိုပဲ ရွေးချယ်ချင်ပါတယ်။















