တာမွေ အ.ထ.က ၄ ၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံးခြောက်ခုနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့မှ အထူးကုကွင်းဆင်းဆေးကုသမှု မေ ၁၉ ရက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း Yangon General Hospital ၏ ကြေညာထားချက်အရ သိရသည်။
မေ ၁၉ ရက် (အင်္ဂါနေ့) တွင် တာမွေ အထက ၄ (ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်)တွင် အထူးကုကွင်းဆင်းဆေးကုသမှုအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊နှာခေါင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ ပူးပေါင်းဆောင်ရွက််မည်ဖြစ်ပါသဖြင့် မည်သူမဆို နံနက် ၈ နာရီမှစတင်၍ လာရောက်ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုသစစ်ဆေးပေးမည့် အထူးကုဌာနများနှင့် အစီအစဉ်များအနေဖြင့် အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများ စစ်ဆေးစမ်းသပ်ခြင်း (OG)၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သွားနှင့် ခံတွင်း စစ်ဆေးကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အဆုတ်နှင့် ရင်ခေါင်း ဓာတ်မှန် (X-Ray) ရိုက်ပေးခြင်း (တီဘီ ရောဂါ ရှာဖွေပေးခြင်း)၊ ECG ဆွဲပေးပြီး အဖြေထုတ်ပေးခြင်း၊ Ultrasound (တီဗီဓာတ်မှန်) ရိုက်ပေးပြီး စစ်ဆေးပေးခြင်းတို့အား လက်လှမ်းမီစွာ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။















