အထွက်နှုန်းကျဆင်းနေသည့် ရတနာစီမံကိန်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် တွင်းသစ်များ၊ ဖြည့်စွက်တွင်းများတူးဖော်ရာ၌ နည်းပညာဆိုင်ရာဖြေရှင်းဆောင်ရွက်မှုကိစ္စရပ်များ စွမ်းအင်ဝန်ကြီးနှင့် ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်း PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မှ လာရောက်၍ ဂါရဝပြုတွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ် နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားရေး၊ ရေနံနှင့်သဘာဝဓာတ်တိုးမြှင့်ထုတ်လုပ်ရေးနှင့် မြန်မာ - ထိုင်းသွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်း ကြောင်းများ လုံခြုံရေးဆိုင်ရာကိစ္စရပ်အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးမှုများ အပေါ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား မေ ၈ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရေနံ့သာဧည့်ခန်းမတွင် လာရောက်၍ ဂါရဝပြုတွေ့ဆွေးနွေးကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ မြန်မာ့ကမ်းလွန်လုပ်ကွက်များ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အထွက်နှုန်းကျဆင်းနေသည့် ရတနာစီမံကိန်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် တွင်းသစ်များ၊ ဖြည့်စွက်တွင်းများတူးဖော်ရာတွင် နည်းပညာဆိုင်ရာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှုကိစ္စရပ် များ၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်နေသည့် လုပ်ကွက် M3 (အောင်သခ်)၏ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ့ရေနက်ကမ်းလွန်တွင် ဆောင်ရွက်နေသည့် အာမခံချက် ကောင်းမွန်သည့်စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံလိုသည့်ကိစ္စရပ်များ၊ ပိုက်လိုင်းများ တစ်လျှောက်လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများ မှ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















