အမေရိကန် ရေတပ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို ပစ်သော အီရန်ဒုံးကျည်များနှင် ဒရုန်းများကို အမေရိကန်က ပစ်ချခဲ့ပြီး အီရန်အမြန်ရေယာဉ်ငယ်ခြောက်စင်းကို ဖျက်ဆီးခဲ့သည်ဟု အမေရိကန်ရေ တပ်ဗိုလ်ချုပ်ကြီးက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသောသင်္ဘောများကို အမေရိကန်က လိုက်ပါစောင့်ရှောက်ပေးမည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
“Project Freedom” ဟု အမည်ပေးထားသော ရေကြောင်းစစ်ဆင်ရေးအသစ်သည် ပိတ်ဆို့မှုအတွင်း ပိတ်မိနေပြီး အစားအသောက်များနှင့် အခြားအရေးပါသော ပစ္စည်းများ လျော့နည်းလာပုံရသော သင်္ဘောများပေါ်ရှိ သင်္ဘောအမှုထမ်းများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အမူအရာဖြစ်သည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
အမေရိကန်ကုန်တင်သင်္ဘောများကို ခြိမ်းခြောက်သော အီရန်အမြန်ရေယာဉ်ငယ်ခြောက်စင်းကို အမေရိကန် အပါချီရဟတ်ယာဉ်များနှင့် စီးဟော့ခ်ရဟတ်ယာဉ်များက ပစ်ခဲ့သည်ဟု ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးသည် အမေရိကန်ဗဟိုကွပ်ကဲရေး (CERNTCOM) ၏ အကြီးအကဲဖြစ်သည်။
“ကျွန်တော်တို့ကို ရော၊ ကုန်သင်္ဘောတွေကိုရော ပစ်ခဲ့တဲ့ ဒုံးကျည်နဲ့ ဒရုန်းအားလုံးကို အမေရိကန်တပ်ဖွဲ့တွေက ထိရောက်စွာ တိုက်ခိုက်ခဲ့ပါတယ်” ဟု ကူးပါးက ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်သင်္ဘောများကို ခရုစ်ဒုံးကျည်အချို့ဖြင့် ပစ်ခဲ့သည်ဆိုသော်လည်း ယင်းဒုံးကျည်အများစုကိုသာမက ကုန်သင်္ဘောများကို ပစ်မှတ်ထားသော ဒရုန်းများကိုလည်း အီရန်ကပစ်လွှတ်ခဲ့သည်ဟု သူက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ကိုယ့်ဘာသာကိုယ် ကာကွယ်တာပါ။ ကျွန်တော်တို့ ပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင်တာပါ။ ကျွန်တော်တို့က ကုန်သင်္ဘောအားလုံးကို အကာအကွယ်ပေးခဲ့ပါတယ်” ဟု ကူးပါးက ပြောသည်။
ထရန့်က Truth Social တွင် ပို့စ်တင်ခဲ့ရာ၌ ထိမှန်ခဲ့သော အီရန်အမြန် ရေယာဉ်ငယ်အရေအတွက်သည် ခုနစ်စင်းရှိသည်ဟု ဖော်ပြခဲ့သည်။ ထိမှန်ခဲ့သောတောင်ကိုရီးယားသင်္ဘောမှလွဲ၍ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရာတွင် ယခုအထိ ထိခိုက်မှုမရှိဟု ထရန့်ကဖော်ပြခဲ့သည်ဆိုသော်လည်း အသေးစိတ်ဖော်ပြခြင်းမပြုပေ။
အီရန်အစိုးရပိုင်ရုပ်သံက အီရန်စီနီယာစစ်အရာရှိ၏ပြောကြားမှုကို ကိုးကားဖော်ပြခဲ့ရာ၌ အီရန်ရေယာဉ်များ နစ်ကုန်သည်ဟူသော အမေရိကန်ပြောဆိုမှုသည် အမှားဖြစ်သည်ဟု ဖော်ပြခဲ့သည်။
သာမန်အားဖြင့် ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည်ဆိုသော်လည်း အီရန်က အဆိုပါရေလက်ကြားကို ပိတ်ထားသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ကတည်းက အီရန်က ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ထားခဲ့သည်။
CENTCOM က ပြောကြားရာတွင် အမေရိကန်ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောနှစ်စင်းက Project Freedom ၏အစိတ်အပိုင်းအဖြစ် ရေလက်ကြားကို ဖြတ်၍ ပင်လယ်ကွေ့သို့ မောင်းသွားခဲ့ဟု ပြောကြားခဲ့ပြီး အမေရိကန်အလံတင်ထားသော ကုန်တင်သင်္ဘောနှစ်စင်းက ဆန့်ကျင်ဘက်အတိုင်း သွားခဲ့ပြီး သူတို့ဦးတည်ရာခရီးသို့ ဘေးကင်းစွာ ဦးတည်ခဲ့ကြသည်ဟု ဆိုသည်။ အမေရိကန်စစ်တပ်က ဟော်မုဇ်ရေ လက်ကြားဖြတ်သော သင်္ဘောများကို အလွှာစုံဖြင့် စောင့်ရှောက်ပေးခြင်းဖြစ်သည်ဟု ကူးပါးကပြောကြားခဲ့သည်။
Ref:AFP















