■ ရန်ကုန်တိုင်းဒေသကြီးတွင် မေလအတွင်း အုပ်စု ၂ စုခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန် ၄ နာရီစီ အလှည့်ကျလျှပ်စစ်ဓာတ်အားပေးမည်

■ ရန်ကုန်တိုင်းဒေသကြီးတွင် မေလအတွင်း အုပ်စု ၂ စုခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန် ၄ နာရီစီ အလှည့်ကျလျှပ်စစ်ဓာတ်အားပေးမည်
Published 5 May 2026

ရန်ကုန်တိုင်းဒေသကြီးတွင် မေလအတွင်း အုပ်စု ၂ စုခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း ၄ နာရီစီ အလှည့်ကျလျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရသည်။

အုပ်စု A နှင့် အုပ်စု B ဟု သတ်မှတ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်းကိုမူ အလှည့်ကျစနစ်ဖြင့် မဟုတ်ဘဲ အပြည့်အဝဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင် အပြည့်အဝလျှပ်စစ်ဖြန့်ဖြူးပေးရာတွင် စတင်ဓာတ်အားပေးချိန်၌ တစ်ပြိုင်နက်ဝန်အားသုံးစွဲမှုများဖြစ်ပေါ်ကာ ဓာတ်အားစနစ်တည်ငြိမ်မှုအခက်အခဲများရှိသဖြင့် ဝန်အားထိန်းညှိဖြန့်ဖြူးရသဖြင့် ဓာတ်အားစတင်ရရှိချိန် အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း၊ ထို့ပြင် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသယ်ယူဖြန့်ဖြူးမှု၊ ဓာတ်အားစနစ်အခြေအနေနှင့် ရုံးဖွင့်ရက်/ရုံးပိတ်ရက် သုံးစွဲဝန်အားအပေါ်မူတည်၍ ဓာတ်အားဖြန့်ဖြူးရရှိမှု အပြောင်းအလဲ (အတိုး/အလျော့) ရှိနိုင်ကြောင်း YESC က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခရိုင်ရှိသဖြင့် ခရိုင်တစ်ခုလျှင် နာရီဝက်စီခြားကာ လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးရကြောင်း၊ တစ်ပြိုင်နက်တည်း လျှပ်စစ်ဓာတ်အား လွှတ်လိုက်ပါက ဝန်အားမနိုင်ခြင်းများ ကြုံတွေ့ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း YESC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့မှာ လေးခရိုင်ရှိတော့ တစ်ခရိုင်ချင်းကို နာရီဝက်လောက်ခြားပြီးမှ မီးပေးရတဲ့အခါကျတော့ မြို့ထဲပိုင်းတွေမှာဆိုရင် ည ၉ နာရီမှာ မီးပြန်လာလိမ့်မယ်။ နောက်တစ်ခါ မြောက်ဒဂုံတို့၊ တောင်ဒဂုံတို့ဆိုရင် နာရီဝက်စီခြားပြီးမှ မီးပြန်တင်လို့ရမယ်။ တစ်ပြိုင်နက်တည်းတင်လို့မရဘူး။ ကျွန်တော်တို့ကလည်း တစ်ပြိုင်နက်တည်း မီးပေးလိုက်တဲ့အခါကျရင်လည်း တစ်တိုင်းပြည်လုံး မှောင်သွားမယ့်အခြေအနေရှိတော့ ထိန်းပြီးတော့ လုပ်ပေးနေတယ်။ နောက်တစ်ခုက ရုံးဖွင့်ရက်နဲ့ ရုံးပိတ်ရက် မတူပါဘူး။ စနေ၊ တနင်္ဂနွေဆိုရင် မီးရတာ ပိုပါလိမ့်မယ်။ စက်မှုဇုန်တွေမှာ အလုပ်ရုံတွေ ပိတ်ကြတဲ့အခါကျရင် အများပြည်သူက မီးပိုပြီးတော့ ရကြပါလိမ့်မယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း မီတာအလုံးရေ ၁၇ သိန်း ခုနစ်သောင်းခန့်ရှိပြီး ရန်ကုန်တိုင်းအတွက် လျှပ်စစ်ခွဲတမ်း ပိုမိုရရှိထားကြောင်း၊ ယခင်က ယူနစ် သန်း ၃၀ ရရှိရာမှ လက်ရှိတွင် ၃၂ သန်းအထိ ရရှိထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent