မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျည်းသူ (၉၂) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် မြန်မာနှစ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသာအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်) မတိုင်မီ ကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဧပြီလ (၃၀) ရက်၊ ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်အတွင်း နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသူများမှ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၅) ဦး စုစုပေါင်း (၁၈) ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အမျိုးသား(၁၇) ဦး၊ အမျိုသမီး (၆) ဦး စုစုပေါင်း (၂၃) ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား (၈) ဦး၊ အင်္ဂဘိုရော်ဘာစခန်းမှ အမျိုးသား (၈) ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အမျိုးသား (၉) ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အမျိုးသား (၁) ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ အမျိုးသား (၄) ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ အမျိုးသား (၆) ဦး၊ မုပ္ပလင် ကုန်ထုတ်စခန်း (အမျိုးသား) မှ (၆) ဦးနှင့် မုပ္ပလင် ကုန်ထုတ်စခန်း (အမျိုးသမီး) မှ (၉) ဦး စုစုပေါင်း (၉၂) ဦး လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် မြန်မာနှစ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသာအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ (၁၅၀၈) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသောစည်းကမ်းချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ယနေ့ ဧပြီလ (၃၀) ရက်၊ ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မြန်မာနှစ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ (ဧပြီလ (၁၇) ရက်နေ့ကလည်း မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၁၃၉) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။
■ ဘိုဘိုမြင့်















