ရန်ကုန်တွင် ဓာတ်ဆီဈေးအနည်းငယ် ကျဆင်းပြီး ဒီဇယ်ဆီများမှာ ကျပ် ၇၀၀ ကျော် ကျဆင်းလာကာ စက်သုံးဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူရခြင်းများ မရှိတော့ကြောင်း ရန်ကုန်မြို့တွင်းမော်တော် ယာဉ်မောင်းနှင်သူများထံမှ သိရသည်။
ဧပြီ ၂၄ ရက်တွင် စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ဈေးနှုန်းများအရ ရန်ကုန်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၆၆၈၊ ၉၅ ဓာတ်ဆီ တစ်လီတာ ကျပ် ၄၉၀၉၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၇၅၂၊ ပရီမီယံဒီဇယ် တစ်လီတာကျပ် ၇၀၁၂ ဖြစ်သည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ဈေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ရန်ကုန်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅၊ ၉၅ ဓာတ်ဆီ တစ်လီတာကျပ် ၄၉၄၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅၊ ပရီမီယံဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။
ဓာတ်ဆီဈေးနှုန်းမှာ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၆၇ ကျပ်၊ ၉၅ အမျိုးအစားမှာ တစ်လီတာလျှင် ၃၆ ကျပ် ကျဆင်း ခဲ့သည်ကို တွေ့ရသည်။
ဒီဇယ်ဆီမှာမူ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၇၃၃ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၇၄၃ ကျဆင်းခဲ့သည်ကို တွေ့ရသည်။
ဒီဇယ်ဆီ HSD (500 ppM) တင်သွင်းမှုအပေါ် ကောက်ခံသောအကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို တစ်လကင်းလွတ်ခွင့်ပြုကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppM) တင်သွင်းမှုအပေါ် ကောက်ခံသောအကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့်ဝင်ငွေခွန် နှစ်- ရာခိုင်နှုန်းတို့ကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါအခွန်ကင်းလွတ်ခွင့်သည် ဖော်ပြပါကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ ID ဖွင့်လှစ်၍ တင် သွင်းသည့်ဒီဇယ်ဆီ HSD (500 ppM) များ အတွက်သာ အကျုံးဝင်မည်ဖြစ်ပါကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း စက်သုံးဆီဝယ်ယူရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာများ ဆက်တိုက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် သင်္ကြန်ကာလနောက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းရခြင်းများ မရှိတော့ကြောင်း ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။
“အခုတော့ တော်တော်စိတ်ချမ်းသာတယ်။ ဘယ်ဆိုင်မှ တန်းစီစရာ မလိုတော့ဘူး။ ကြိုက်တဲ့ ဆိုင်ဝယ်ထည့်ရုံ ပဲ။ အများဆုံးစောင့်ရမှ သုံးလေးငါးစီးလောက်ပဲ စောင့်ရတော့တယ်။ တန်းစီရတာ မရှိတော့ဘူး။ သင်္ကြန်ကာ လ နောက်ပိုင်းကစပြီး မစောင့်ရတော့ဘူး။ သင်္ကြန်တုန်းကလည်း တန်းမစီရဘူး။ အပြင်လည်း သိပ်မထွက်ဖြစ်တော့ သေချာမသိဘူး။ အခုကတော့ လုံးဝကို တန်းမစီရတော့ဘူး” ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အတက်အကျမငြိမ်သက်ဖြစ်နေရာမှ စက်သုံးဆီဈေးနှုန်းများမှာလည်း ပြောင်းလဲလျက်ရှိသည်။
အလားတူ ရေနံအကျပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း စက်သုံးဆီ လျှော့ချအသုံးပြုနိုင်ရန် စီမံချက်များ ဆောင် ရွက်လျက်ရှိသည်။















