ဂျူဗင်တပ်စ်အသင်းဟာ အီတလီနည်းပြ စပယ်လက်တီကို အခုတစ်ပတ်အတွင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း အီတလီမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
စပယ်လက်တီ(၆၇ နှစ်)ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကမှ ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားခဲ့တာပါ။
စပယ်လက်တီက ဂျူဗင်တပ်စ်အသင်းကို (၃၁)ပွဲကိုင်တွယ်ရာမှာ (၁၇)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၆)ပွဲရှုံးရလဒ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နီးစပ်အောင် စွမ်းဆောင်ထားတာကြောင့် ဂျူဗင်တပ်စ်အသင်းက သက်တမ်းတိုးဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အီတလီလက်ရွေးစင်အသင်းနဲ့အတူ စီးရီးအေထိပ်သီးအသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးတဲ့ စပယ်လက်တီက လက်ရှိအချိန်မှာ သက်တမ်းတိုးဖို့အကြောင်း စဉ်းစားရမယ့်အချိန်မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမဲ့ (၂)နှစ်သက်တမ်းတိုးနိုင်တော့မယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ဂျီနိုအာကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် စပယ်လက်တီအနေနဲ့ စီးရီးအေနိုင်ပွဲ(၃၀၀)ပြည့်မြောက်တဲ့ စတုတ္ထမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။















