ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရန် စစ်ရေးအရ အရေးယူမည့်ဆုံးဖြတ်ချက်ကို UN လုံခြုံရေးကောင်စီ အင်အားကြီးသုံးနိုင်ငံက ကန့်ကွက််

ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရန် စစ်ရေးအရ အရေးယူမည့်ဆုံးဖြတ်ချက်ကို UN လုံခြုံရေးကောင်စီ အင်အားကြီးသုံးနိုင်ငံက ကန့်ကွက််
Published 3 April 2026

ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေးအတွက် လိုအပ်ပါက အီရန်ကို စစ်ရေးအရ အင်အားသုံးရင်ဆိုင်မည့် ပင်လယ်ကွေ့နိုင်ငံများ၏ ကြိုးပမ်းမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် ရုရှား၊ တရုတ်နှင့် ပြင်သစ်တို့က ကန့်ကွက်နေသည်ဟု သိရသည်။

လုံခြုံရေးကောင်စီ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဘာရိန်းနိုင်ငံက ကုန်သွယ်ရေးသင်္ဘောများကို အကာအကွယ်ပေးရန် လိုအပ်သည့် ခုခံကာကွယ်မှုနည်းလမ်းအားလုံး အသုံးပြုခွင့်ပေးမည့် အဆိုပြုချက်မူကြမ်းကိုရေးဆွဲပေးထားပြီး ပင်လယ်ကွေ့အာရပ်နိုင်ငံများက ထောက်ခံကြသည်။ ယင်းမူကြမ်းတွင် စစ်အင်အားသုံးခွင့်ပြုမည့် အသုံးအနှုန်းများ ပါဝင်နေသည့်အတွက် အင်အားကြီးသုံးနိုင်ငံက ပယ်ချလိုက်ခြင်းဖြစ်သည်။ ထိုမူကြမ်းကို ဧပြီ ၄ ရက်တွင် မဲခွဲဆုံးဖြတ်ကြမည်။

လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်နိုင်ငံများကြားတွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေဆဲဟု သံတမန်များကဆိုသည်။ ရက်သတ္တပတ်များစွာ ညှိနှိုင်းခဲ့ပြီးနောက် ယင်းမူကြမ်းကို လေးကြိမ်မြောက် ပြင်ဆင်ထားသည့်တိုင် သဘောတူညီမှု မရသေးဘဲဖြစ်နေသည်။

အီရန်ဘက်ကလည်း စစ်ပွဲပြီးသွားလျှင်တောင်မှ အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ကြီးကြပ်ရန် ရည်ရွယ်ထားကြောင်း ဧပြီ ၂ ရက်တွင် အရိပ်ပြပြောလိုက်သည်။ သင်္ဘောများ ဖြတ်သန်းသွားလာမှုကို ပိတ်ပင်သွားမည်တော့ မဟုတ်ကြောင်း အခိုင်အမာဆိုသည်။

အီရန်နိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီ အဆိုအရ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုများကို အီရန်နှင့်အိုမန်နိုင်ငံတို့ ပူးတွဲကြီးကြပ်ခွင့်ရှိမည့် မူကြမ်းတစ်ခုကို အီရန်ဘက်က ရေးဆွဲနေသည်။

Ref: The New York Times

Most Read

Most Recent