ယူကရိန်းသမ္မတဇယ်လန်းစကီးက ပင်လယ်ကွေ့နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

ယူကရိန်းသမ္မတဇယ်လန်းစကီးက ပင်လယ်ကွေ့နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး
Published 30 March 2026

အီရန်ပဋိပက္ခကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် မတ် ၂၉ ရက်တွင် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ လုံခြုံရေးကဏ္ဍမှာ ဖြစ်နိုင်ခြေရှိတဲ့ မိတ်ဖက်ပြုမှုတွေနဲ့အတူ အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့ဒေသရဲ့ ယေဘုယျအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ဇယ်လန်းစကီးက Telegram တွင် ရေးသားဖော်ပြခဲ့သည်။

အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီများ သေချာရေရာမှုမရှိသည့်အပြင် ယူကရိန်းအစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်နှင့် ပြည်တွင်းလက်နက် ထုတ်လုပ်ရေးအတွက် ရန်ပုံငွေရှာဖွေရန် ရုန်းကန်နေရချိန်တွင် သမ္မတဇာလန်းစကီးသည် ရုရှားကို ပြန်လည်ခုခံတိုက်ခိုက်နေသည့် စစ်ပွဲအတွက် ပင်လယ်ကွေ့နိုင်ငံများထံမှ ထောက်ခံအားပေးမှုများကို ရရှိအောင် ကြိုးပမ်းနေသည်။

ယူကရိန်းအစိုးရသည် အီရန်၏ ဒရုန်း တိုက်ခိုက်မှုများကို တုံ့ပြန်လိုသည့် နိုင်ငံများအတွက် မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေး အတွေ့အကြုံနှင့် ဒရုန်းနည်းပညာများကို ကူညီပေးမည်ဟု ကမ်းလှမ်းထားသည်။

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရဆိုရင် ညီညွတ်တဲ့စနစ်တစ်ခုမရှိဘဲ ပြည်သူလူထုနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တကယ်ကိုမဖြစ်နိုင်ဘူးဆို တာကို ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်”ဟု ဇယ်လန်းစကီးက ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံတွင် ထိုကဲ့သို့သော စနစ်မျိုးရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုရှား နှင့် ဖြစ်ပွားနေသည့် လေးနှစ်ကြာ စစ်ပွဲကာလအတွင်း ရုရှားသည် အီရန်ထုတ်ဒရုန်းများကို အသုံးပြုတိုက်ခိုက်မှုအပါအဝင် ရုရှား၏ အဆက်မပြတ်တိုက်ခိုက်မှုများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြား ခဲ့သည်။

မိမိတို့၏ အတွေ့အကြုံနှင့် နည်းပညာများကို ကမ်းလှမ်းထားသည့် နိုင်ငံများကလည်း မိမိတို့နိုင်ငံကို အင်အားတောင့်တင်းလာအောင် ပြန်လည်ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇယ်လန်းစကီးသည် ဂျော်ဒန်ခရီးစဉ်မတိုင်မီ ယူအေအီးနှင့် ကာတာနိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် မတ် ၂၈ ရက်တွင် အဆိုပါနိုင်ငံများနှင့် ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

ကာတာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ မတ် ၂၈ ရက်ထုတ်ပြန်ချက်အရ ကာတာ နှင့် ယူကရိန်းတို့သည် ဒုံးကျည်များနှင့် ဒရုန်းစနစ်များကို တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်မှုများဖလှယ်ရေး အပါအဝင် ကာ ကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ဟာ ၁၀ နှစ်သက်တမ်းရှိတဲ့ မိတ်ဖက်ပြုမှုအကြောင်း ပြောနေတာပါ။ ဆော်ဒီအာရေဗျနိုင်ငံနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးပြီဖြစ်သလို ကာတာနိုင်ငံနဲ့လည်း အလားတူ ၁၀ နှစ်သက်တမ်းရှိတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါပြီ“ဟု ဇာလန်းစကီးက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ယူအေအီးနဲ့လည်း ၁၀ နှစ်သက်တမ်းရှိတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားမှာပါ။ ဒါဟာ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ ဖြစ်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယူကရိန်းသည် စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၂၀၀ ကျော်ကို အရှေ့အလယ်ပိုင်း နိုင်ငံများသို့ စေလွှတ်ထားပြီး ၎င်းတို့သည် ဒေသတွင်းရှိ စွမ်းအင်အခြေခံ အဆောက်အအုံများကို ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့သည့် အီရန်၏ ဒရုန်းတိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားရမည့် နည်းလမ်းများကို အကြံပေးဆွေးနွေးသွားမည် ဖြစ်သည်။

Ref:Reuters                       

                            

Most Read

Most Recent