ရုရှားက ဧပြီ ၁ ရက်မှစပြီး ပြည်ပသို့ ဓာတ်ဆီတင်ပို့မှု ပိတ်ပင်မည်

ရုရှားက ဧပြီ ၁ ရက်မှစပြီး ပြည်ပသို့ ဓာတ်ဆီတင်ပို့မှု ပိတ်ပင်မည်
Published 29 March 2026

ရုရှားနိုင်ငံသည် ပြည်တွင်းစက်သုံးဆီစျေးကွက် တည်ငြိမ်စေရန်အတွက် ဧပြီ ၁ ရက်နေ့ မှစပြီး ပြည်ပသို့ ဓာတ်ဆီတင်ပို့မှုများကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း China Daily သတင်းတွင် ဖော်ပြခဲ့သည်။

ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါး နိုဗက်က ဓာတ်ဆီတင်ပို့မှုပိတ်ပင်ရေး အစိုးရအမိန့်စာမူကြမ်းကို ရေးဆွဲရန် စွမ်းအင်ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပိတ်ပင်မှုသည် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အတည်ဖြစ်မည်ဟု ရုရှား၏ TASS သတင်းအေဂျင်စီက ဖော်ပြထားသည်။

ဒုတိယဝန်ကြီးချုပ် နိုဗက်ခ် ဦးဆောင်သည့် ပြည်တွင်းစက်သုံးဆီစျေးကွက်ဆိုင်ရာ အစည်းအဝေးအပြီးတွင် အစိုးရက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ယခုလုပ်ဆောင်ချက်သည် စျေးနှုန်းများကို တည်ငြိမ်စေရန်နှင့် ပြည်တွင်းစျေးကွက်ကို ဦးစားပေး တင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

"အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရေနံနဲ့ စက်သုံးဆီ ထုတ်ကုန်စျေးကွက်အတွင်းက မတည်ငြိမ်မှုတွေဟာ စျေးနှုန်းတွေကို သိသိသာသာ အတက်အကျ ဖြစ်စေတယ်လို့ ဒုတိယဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပစျေးကွက်များတွင် ရုရှား၏ စွမ်းအင်အရင်းအမြစ်များကို ဝယ်လိုအား ခိုင်မာနေခြင်းသည် အပြုသဘောဆောင်သည့် အချက်တစ်ချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်းလည်း နိုဗက်ခ်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: China Daily

Photos-AA

Most Read

Most Recent