ထိုင်းနိုင်ငံပိုင် ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းမောင်းနိုင်ရန်အတွက် အီရန်နိုင်ငံနှင့် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က မတ် ၂၈ ရက်တွင် အတည်ပြုပြောကြားသည်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း အီရန်တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုများကို အလွန်အမင်းနှေးကွေးသွားအောင် ထိရောက်စွာ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံပိုင် ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရန် သဘောတူညီချက်ရရှိခဲ့သဖြင့် လောင်စာဆီတင်သွင်းမှုအပေါ် စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာစေမည်ဖြစ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။
အာရှတိုက်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) များ၏ ၈၀ ရာခိုင်နှုန်းကျော်ကို မှီခိုနေရကြောင်း အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ၏ အချက်အလက်များက ဖော်ပြနေသည်။
ထို့ကြောင့် လက်ရှိ အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုဒဏ်ကို အရှေ့တောင်အာရှနိုင်ငံများက အဆိုးရွားဆုံး ခံစားနေရပြီး ထိုင်းနိုင်ငံတွင်လည်း စက်သုံးဆီဆိုင်များ၌ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းရမှုများ ပိုမိုများပြားလာသည်။
"အစိုးရအနေနဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ပြည်သူတွေအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်အောင် နှိမ်နင်းရေးနဲ့ ကူညီရေးအစီအစဉ်တွေကို အစဉ်တစိုက် ပြင်ဆင်ဆောင်ရွက်သွားမှာပါ" ဟု ဝန်ကြီးချုပ် အနူတင်က ကတိပြုပြောကြားခဲ့သည်။
Ref: AFP














