■ မြန်မာ့လက်ရွေးစင်အသင်း၏ ငွေခေတ်ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင်၏ နာရေးပြုလုပ်

■ မြန်မာ့လက်ရွေးစင်အသင်း၏ ငွေခေတ်ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင်၏ နာရေးပြုလုပ်
Published 25 March 2026

မြန်မာ့လက်ရွေးစင်အသင်း၏ ငွေခေတ်ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင်၏ နာရေးကို ယနေ့ (မတ် ၂၅ ရက်) နံနက်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ် ၂၅ ရက် နံနက် ၁၁ နာရီက ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ နာရေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများ၊ လက်ရွေးစင် ဘောလုံးသမားဟောင်းများဖြစ်သည့် ဦးကြည်လွင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးစိုးမြတ်မင်း၊ လက်ရှိ မြန်မာ့လက်ရွေးစင်ကစားသမားများ အစရှိသူတို့လည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဦးတင်မြင့်အောင် ကွယ်လွန်ခြင်းမှာ မြန်မာ့ဘောလုံးလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

ထို့ပြင် ဦးတင်မြင့်အောင် ကွယ်လွန်မှုနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

ကစားသမားဟောင်းဖြစ်ပြီး မန်နေဂျာလည်းဖြစ်သူ ဦးတင်မြင့်အောင် ကွယ်လွန်သွားခြင်းအပေါ်  ဝမ်းနည်းကြောင်း၊ ဝမ်းနည်းမှုကို စကားလုံးဖြင့် ဖော်ပြရန်မစွမ်းသာကြောင်း အစရှိသည်တို့ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ဦးတင်မြင့်အောင်မှာ ၁၉၉၃ ခုနှစ် ဆီးဂိမ်းတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

နည်းပြဘဝအား ၂၀၀၂ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနည်းပြချုပ်၊ မြန်မာ ယူ၂၃ အသင်း နည်းပြချုပ် တာဝန်များအား ထမ်းဆောင်ခဲ့သလို Ayeyarwady United FC အသင်းနည်းပြချုပ် အဖြစ်လည်း တာဝန်ယူခဲ့သည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် နည်းပြတာဝန်များသာမက လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့သလို နည်းစနစ်ဆိုင်ရာ တာဝန်များကိုလည်း ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့သည်။ တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အသင်းမန်နေဂျာအဖြစ်လည်းကောင်း အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ထမ်းဆောင်ခဲ့သလို နည်းပြလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အာရှဘောလုံးအဖွဲ့ချုပ် MA Instructor အဖြစ်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် နည်းပြသင်တန်းများအား ဦးဆောင်ပို့ချပေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပြီး နည်းစနစ်ကော်မတီ လုပ်ငန်းတာဝန်များလည်း ထမ်းဆောင်ခဲ့သည်။

 

Most Read

Most Recent