ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူနိုင်ရန် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရကြောင်း မော်တော်ယာဉ်ပိုင်ရှင်အချို့က ပြောကြားသည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီးနောက်တွင် ယင်းသို့ဖြစ်ပွားနေခြင်းဟု သိရသည်။
" ဆီတန်းစီရတဲ့ကားက ရပ်ကွက်ကိုတောင်ပတ်ပြီး တန်းစီနေရတယ်။ ကားတန်းက မရှိဘူးဆိုရင် အနည်းဆုံး ရာဂဏန်းနီးပါးအထိ ရှိတယ်" ဟု မြောက်ဒဂုံမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။
ဆီဝယ်ယူရာတွင် တန်းစီနေသည့်အချိန်တွင် မိမိအလှည့်မရောက်မီ ဆီဆိုင်မှ ရောင်းစရာမရှိသည့် အချိန်များကိုလည်း ကြုံတွေ့ရသည်ဟု သိရသည်။
"မနက် ၆ နာရီခွဲ ဆီစတန်းတာ ၇ နာရီခွဲကျော်တော့ ဆီဆိုင်နားကို ရောက်တယ်။ ဒါပေမယ့် ကိုယ့်အလှည့် မဟုတ်သေးဘူး။ ဆီထည့်ရဖို့က ရပ်ကွက်ကြီးတစ်ခုကို ထပ်ပတ်ရဦးမှာ ဆီဆိုင်ကို မြင်သာမြင်ရ မကြင်ရသေးဘူး။ နေ့လယ် ၁၁ နာရီခွဲကျော်တော့မှ ဆီဝယ်လို့ရတယ်" ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦး က ပြောကြားသည်။
စက်သုံးဆီများမှာ စျေးနှုန်းမြင့်တက်လာပြီးနောက် ရရှိသည့် ဆီအရေအတွက်မှာ ယခင်ကထက် လျော့နည်းလာသဖြင့် မော်တော်ယာဉ်အသုံးပြုသူများမှာ ဆီမလုံလောက်မှုများဖြစ်ပေါ်ပြီး ယခုကဲ့သို့ ဆီတန်းစီရခြင်းများဖြစ်နိုင်သည်ဟု မော် တော်ယာဉ်ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။
"တချို့ လုပ်ငန်းအတွက် သုံးနေတဲ့ အိမ်စီးကားတွေဆို မလောက်တော့တာလည်းပါမှာပေါ့။ ထွက်တစ်ရက် မထွက်တစ်ရက်ကိုတောင် ဆီကို ခြိုးခြံနေရတာပေါ့။ အကယ်လို့ ကိုယ်က မြို့တွင်းထဲသွားတာတောင် ဆီကိုချင့်ချိန်သုံးနေရတယ်။ နည်းနည်းလေး လှမ်းတဲ့နေရာကို သွားမယ်ဆို ဆီကလောက်ရဲ့လားပြန်တွက်နေရတယ်။ ဆီကလည်းတန်းစီရတာ နေ့တဝက်လောက်အထိကြာတယ်ဆိုတော့ အလုပ်လုပ်ဖို့ထက် ဆီရဖို့က အချိန်ပိုပေးနေရတယ်" ဟု မော်တေယ်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ဦးရဲထွဋ်ကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် " ပြည်လမ်း နဲ့ ရှင်စောပုလမ်း ထောင့်က SPC ဆီဆိုင်မှာ ထည့်ဖို့ မနက် ၆ နာရီ အိမ်ကထွက်တယ်။ ကားတန်းက ပြည်လမ်းနဲ့ အလုံလမ်းထောင့် ရောက်နေပြီ။ အဲဒီကနေ စပြီးတန်းစီတယ်။ ၀၇၅၅ နာရီမှာ ဆီဆိုင်ရှေ့ရောက်ပြီ။ ဒါပေမဲ့ ဆီထည့်လို့ မရသေးဘူး။ မြေနီကုန်း ဘက်က ပြန်ပတ်ရဦးမယ်။ အမြင်နီးလျှက် ခရီးဝေးသည့်တောင်ပေါ့။ သံသရာရှည်သလို ဆီဆိုင်က ကားတန်းတွေကလည်း ရှည်လှပါတယ်" ဟု ရေးသားထားသည်။
စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ကျပ် ၇၀၀ မှ ၉၀၀ ကျော်၊ ဒီဇယ်တစ်လီတာ ကျပ် တစ်ထောင်ကျော် မြင့်တက်လာကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် စျေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
မတ် ၂၀ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၃၆၁၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၃၈၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၄၃၉၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၄၈၂၀ ဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ အတက်အကျ မငြိမ်သက်ဖြစ်နေရာမှ စက်သုံးဆီစျေးနှုန်းများမှာလည်း ပြောင်းလဲလျက်ရှိသည်။
အလားတူ ရေနံအကြပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စက်သုံးဆီလျှော့ချအသုံးပြုနိုင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိသည်။















