■ Written by - သတင်းအယ်ဒီတာအဖွဲ့
၁၀၂၇ ကအစပြုလိုက်တဲ့ ရှမ်းမြောက်ဒေသက လက်ရှိမှာတော့ ကိုးကန့်လို့ခေါ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့နဲ့ တအာင်း လက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို မတ် ၁၄ ရက်မှာ MNDAA အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ နှစ်ဘက်အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် တရုတ်- မြန်မာ အဓိက ကုန်သွယ်ရာလမ်းမကြီးဖြစ်တဲ့ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေ၊ နမ့်ဖတ်ကာလိုနေရာမျိုးတွေနဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ အထိုင်ချထားတဲ့ TNLA တပ်တွေကို ဖယ်ရှားပေးဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ပဋိပက္ခဖြစ်မှုတွေကလည်း နေ ပြည်တော်ကို တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျွင်းက နေပြည်တော်ကိုလာရောက်ပြီးတော့ မြန်မာအစိုးရအဖွဲ့ရဲ့တာဝန်ရှိသူတစ်ချို့နဲ့ တွေ့ဆုံခဲ့ပြီး နောက်တရက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ် ၁၄ ရက်မှာ နေပြည်တော်ကို သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံကြောင်း၊ နစကအနေဖြင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ မှုများကိုလည်း ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။
အလားတူ သြဂုတ် ၁၆ ရက်က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေဆုံပွဲမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စည်းသုံးစည်းအကြောင်းကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ဖူးပါတယ်။
အဲ့ဒီစည်းတွေကတော့ မြန်မာနိုင်ငံပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစုလမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောကြားခဲ့ပါတယ်။
လတ်တလောမှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အချိန်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ် ၈ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်အားကြီးသူက အမြဲမှန်တယ်ဆိုတဲ့ တောရိုင်းဥပဒေပြန်လည်စိုးမိုးလာတာကို လက်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
■ ကိုးကန့်ဆိုတာ ဘယ်သူတွေလဲ
ကိုးကန့်လူမျိုးဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်ပေမယ့် တရုတ်-တိဗက်အုပ်စုဝင် တိုင်းရင်းသားထဲမှာလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အဓိကနေထိုင်ပြီး ထိုဒေသကို တရားဝင်အားဖြင့် ရှမ်းပြည်နယ် အထူးဒေသ ၁ ဟု ခေါ်ကာ ရုံးစိုက်ရာမြို့မှာ လောက်ကိုင်မြို့ ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ နေထိုင်သည့် လူဦးရေ ၁ ဒသမ ၆ သိန်းကျော်ရှိပြီး ယူနန်နွယ်ဖွား ကိုးကန့် လူမျိုးက အများစုနေထိုင်ပြီးတော့ ယဉ်ကျေးမှုနှင့် စာပေမှာ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှုကို အခြေခံထားတာဖြစ်ပါတယ်။
ကိုးကန့် တိုင်းရင်းသားထဲမှာ အပါအဝင်ဖြစ်သည့် ဟန်မိသားစု၊ ယန်မိသားစု၊ ဖုန်မိသားစု၊ လော်မိသားစု၊ ချင်မိသားစုတွေရဲ့ အမျိုးအနွယ်တွေ နေထိုင်လျက်ရှိပြီးတော့ မြန်မာဘုရင်လက်ထက်၊ မြန်မာမင်းများ လက်အောက်ခံပဒေသရာဇ်စော်ဘွားများ လက်ထက်နဲ့ အင်္ဂလိပ်အစိုးရတို့မှ အုပ်ချုပ်စဉ်ကာလအတွင်း တိုက်ရိုက်အုပ်ချုပ်ခွင့်ကို ကိုးကန့်စော်ဘွားတွေ မရရှိခဲ့ကြပါဘူး။
ပထဝီအနေအထားအရ ကိုးကန့်ဒေသမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဆက်စပ်လျက်ရှိတဲ့အတွက်ကြောင့် လူမျိုးနဲ့ယဉ်ကျေးမှုဟာ တရုတ်သာဖြစ်ပြီးတော့ မြန်မာမင်းနှင့် ပဒေသရာဇ်စော်ဘွားတွေထံကို လက်ဆောင် ပဏ္ဍာဆက်သရသလို တရုတ်စော်ဘွားတွေထံကိုလည်း လက်ဆောင်ဆက်သပြီး ရေစီးသာရာဘက်ကို ယိမ်းယိုင်ပြီး နေထိုင်သူတွေဖြစ်တယ်လို့ အစိုးရကထုတ်ပြန်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဆိုင်ရာအချက်အလက်များမှာ ရေးသားဖော်ပြထားပါတယ်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို အထူးဒေသ ၁ လို့ခေါ်ဆိုပြီး လောက်ကိုင်မြို့နဲ့ ကုန်းကြမ်းမြို့တို့ ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်နဲ့ မော် ထိုက်မြို့နယ်တို့ရှိပါတယ်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ၁၈၈၆ ခုနှစ်အထိ ကိုးကန့်ဒေသဟာ သိန္ဒီစော်ဘွားလက်အောက်ခံ ဖြစ်ပြီးတော့ ၁၈၈၆ ဇူလိုင် ၂၄ ရက် တရုတ်နိုင်ငံပီကင်းမြို့မှာ ချုပ်ဆိုတဲ့ အင်္ဂလိပ်-တရုတ်စာချုပ်အရ ဗြိတိသျှ ပိုင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ နယ်နိမိတ်သတ်မှတ်ဖို့ သဘောတူခဲ့ပြီး ၁၈၉၄ မတ် ၁ ရက်မှာ လန်ဒန်မြို့မှာနယ်နိမိတ်သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
အဲ့ဒီလိုချုပ်ဆိုထားတဲ့စာချုပ်ကို တရုတ်ဘက်က ဖောက်ဖျက်တယ်လို့ ဗြိတိသျှတွေဘက်က စွပ်စွဲခဲ့ပြီးတော့ ၁၈၉၇ ခုနှစ်မှာ နယ်နိမတ်စာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့ပြီးတော့ ကိုးကန့်ဒေသကို မြန်မာပိုင်နယ်မြေအ ဖြစ် သတ်မှတ်ခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ မြန်မာနဲ့တရုတ်နယ် နိမိတ်သတ်မှတ်ရေးစာချုပ်အရ ကိုးကန့်နယ်မြေဆိုတာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ယန်စစ်သူကြီးမျိုးရိုးက အစဉ်တစ်စိုက် နယ်ရှင်စော်ဘွားအုပ်ချုပ်သူအဖြစ် အုပ်ချုပ်ခဲ့ပြီးတော့ အင်္ဂလိပ်ခေတ်မှာတော့ ကိုးကန့်ဒေသကို နယ်ခြားဒေသအုပ်ချုပ်ရေးစနစ်နဲ့ စိတ် တိုင်းကျအုပ်ချုပ်ခွင့်ပေးထားပြီးတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားဆက်သွယ် ရေးကိုသာ ချုပ်ကိုင်ထားခဲ့တာဖြစ်တယ်လို့ အစိုးရကထုတ်ပြန်ထားတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဆိုင်ရာအချက်အလက်များမှာ ရေးသားဖော်ပြထားပါတယ်။
၁၉၅၈ ခုနှစ်မှာ ကိုးကန့်စော်ဘွား ယန်ကျင်းဆိုင်က အာဏာစွန့်လွှတ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ကိုးကန့်ဒေသကို ကိုးကန့်ကောင်စီက တာဝန်ယူအုပ်ချုပ်ခဲ့ပါတယ်။
ကောင်စီဥက္ကဌအဖြစ် ပထမဆုံးတာဝန်ယူခဲ့တဲ့ ယန်ကျင့်ရှိန်(ဂျင်မီရန်း)က ဘိန်းကို ထိုင်းမှာရှိတဲ့ တရုတ်ဖြူ ဘိန်းကုန်ကူးတဲ့အဖွဲ့နဲ့ ချိတ်ဆက်ပို့ဆောင်ခဲ့တဲ့အတွက် တပ်မတော်က ဖမ်းဆီးပေမယ့် ဂျင်မီရန်းက ၁၉၆၀ ပြည့်နှစ်မှာ တောခိုသွားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အိမ်စောင့်အစိုးရလက်ထက်မှာတော့ လော်စစ်ဟန်ခေါင်းဆောင်တဲ့ ကိုးကန့်လူငယ်အဖွဲ့ကို ဖွဲ့စည်းပြီး ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
သိပ်မကြာခင်အချိန်မှာပဲ ကိုးကန့်ဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီက အုပ်ချုပ်ခဲ့ပြီးတော့ ၁၉၈၉ ခုနှစ်အထိ ထိန်းချုပ်ထားခဲ့တာပါ။
၁၉၈၉ ခုနှစ် မတ် ၁၂ ရက်မှာတော့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တပ်ပေါင်းစုအဖွဲ့က ခွဲထွက်ခဲ့ပြီး တော့ ၁၈၉၈ ခုနှစ် မတ် ၃၁ ရက်မှာ နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ပေမယ့် ဖုန်ကြားရှင်ဦးဆောင်တဲ့အဖွဲ့နဲ့ ယန်မိုးလျန်အဖွဲ့တို့ ဘိန်းကိစ္စနဲ့ ပြသာနာတက်ပြီး ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တစ်နှစ်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ ယန်မိုးလျှံအဖွဲ့က အထူးဒေသ ၂ မှာ ရှိတဲ့ “ဝ”အဖွဲ့ရဲ့ အကူအညီနဲ့ ဖုန်ကြားရှင်အဖွဲ့ကို အနိုင်ရရှိခဲ့ပြီးတော့ ကိုးကန့်ဒေသကိုအုပ်ချုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာတော့ ဖုန်ကြားရှင်နဲ့ယန်မိုးလျှံတို့အကြား ဒုတိယအကြိမ်တိုက်ပွဲတွေ ဖြစ်ပွားပြီးတော့ ဒီတကြိမ်မှာ “ဝ” အဖွဲ့အကူအညီကို ရရှိခဲ့တာက ဖုန်ကြားရှင်အဖွဲ့ပဲဖြစ်ပါတယ်။
အစိုးရရဲ့ နှစ်ဖက်ညှိနှိုင်းမှုအရ ယန်မိုးလျှံအဖွဲ့က ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်ခဲ့ပြီးတဲ့နောက်မှာတော့ ဖုန်ကြားရှင်ဦး ဆောင်တဲ့အဖွဲ့က ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့တာပါ။
၂၀၀၉ ခုနှစ်မှာတော့ ဖုန်ကြားရှင်ဦးဆောင်တဲ့အဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လက်နက်စက်ရုံ တည်ထောင်ခြင်းစတဲ့ အခြေအနေတွေကြောင့် အစိုးရက ဖုန်ကြားရှင်ဦးဆောင်တဲ့အဖွဲ့ကို လာရောက် ဖြေရှင်းဖို့ ခေါ်ယူခဲ့ပါတယ်။
ရန်လုံကျိုင်းမှာရှိတဲ့ လက်နက်စက်ရုံကို အစိုးရဝင်ရောက်စီးနင်းပြီးတဲ့အချိန်မှာ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ ဖုန်တာရွှင်၊ ဖုန်တာလီတို့ကို ဆွေးနွေးညှိနှိုင်းဖို့ ခေါ်ယူခဲ့ပေမယ့် မလာရောက်ခဲ့တဲ့အပြင် ရန်လုံကျိုင်း နယ်စပ် ဂိတ်မှာတာဝန်ကျနေတဲ့ ရဲနဲ့တပ်မတော်သားတွေကို ဖမ်းဆီးခဲ့ပါတယ်။
၂၀၀၉ ခုနှစ် သြဂုတ် ၂၈ ရက်မှာတော့ ဖုန်ကြားရှင်ဦးဆောင်တဲ့အဖွဲ့တွေ နေထိုင်တဲ့ တပ်ရင်းဌာနချုပ်တွေကို ဝင်ရောက်စီးနင်းပြီး အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် စက်တင်ဘာမှာတော့ ပယ်စောက်ချိန်ဦးဆောင်တဲ့ ယာယီဦးစီးကော်မတီကို ဖွဲ့စည်းပြီး ကိုးကန့်ဒေသကို အုပ်ချုပ်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ပယ်စောက်ချိန်အပါအဝင် စုစုပေါင်း ၁၀ ဦးနဲ့ အုပ်ချုပ်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ MNDAA အဖွဲ့က လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့ရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က သက်တမ်းကုန်ဆုံးတဲ့အတွက်ကြောင့် အသစ်ပြန်လည်ရွေးချယ်ပြီး အုပ်ချုပ်စေခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ MNDAA၊ TNLA၊ AA တို့ပူးပေါင်းပြီး တပ်မတော်ကိုတိုက်ခိုက်ခဲ့ပြီး MNDAA က လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း အစရှိတဲ့မြို့တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ လားရှိုးမြို့ကို အစိုးရထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပေမယ့် အခြားမြို့တွေကိုတော့ ပြန်လည်လွှဲပြောင်းခဲ့ခြင်း မရှိဘဲ သိန္နိမြို့၊ ကွတ်ခိုင်မြို့အပါအဝင် ခရိုင်လေးခု မြို့တော်တစ်ခုနဲ့ ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁ အဖြစ် အုပ်ချုပ်မယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
■ တအာင်း(ပလောင်) ဆိုတာ ဘယ်သူတွေလဲ
တအာင်း မြန်မာအခေါ် ပလောင်လူမျိုးတွေက မွန်- ခမာ အုပ်စုဝင်တွေ ဖြစ်ပြီးတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းရှုး၊ မိုင်းကိုင်၊ ကလော အစရှိတဲ့ မြို့နယ်တွေမှာ ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။
ပုဂံခေတ်မြန်မာနိုင်ငံတော်ကို ထူထောင်ရာမှာ အခြားလူမျိုးများဖြစ်တဲ့ ပျူ၊ မွန်၊ ကရင်၊ တောင်သူ၊ သက်၊ ကဒူး၊ ချင်း၊ ရ ခိုင်၊ မြန်မာ၊ ရှမ်း အစရှိတဲ့လူမျိုးများနည်းတူ ပလောင်လူမျိုးတွေလည်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
တအာင်းလူမျိုးမှာ ကတူရ်၊ ကွမ်ဟယ်၊ တောင်မ၊ ရူမိုင်း၊ ရူစိင်၊ ရူကော၊ ရူဂွါင်၊ ရူခု်ရ်၊ ထဲဝ်ရာည်(ရူပိုး)၊ ရူမိူင် ၊ ရူမာဝ်၊ ရူလောင်၊ ရူ ခူရ်၊ရူလျဲငှ်၊ ရူနော့်၊ ရူဘြာ်င်၊ ငွံန်ရောတ်၊ ပန်နိမ် အစရှိတဲ့ မျိုးနွယ်စုများစွာ ရှိပေမယ့်လည်း ဘာသာစကား၊ စာပေနှင့် ဓလေ့ထုံး ယဉ်ကျေးမှုတွေကတော့ အတူတူပါပဲ။ နေရာဒေသကိုလိုက်ပြီး ဘာသာစ ကားအနည်းငယ်ကွဲပြားမှုရှိပေမယ့် အချင်းချင်းဆက်သွယ်စကားပြောဆိုနိုင်ခြင်းမရှိတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
ပလောင်လူမျိုး ၉၉ ရာခိုင်းနှုန်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပြီးတော့ နတ်ကိုးကွယ်မှု၊ ခရစ်ယာန် ဘာသာကိုးကွယ်မှု အနည်းအကျဉ်းရှိပြီးတော့ တောစောင့် နတ်၊ ရွာစောင့်နတ်၊ လယ်စောင့်နတ်တို့ကို ပသပူဇော်သည့် ဓလေ့လည်းရှိပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော် ကာလကတည်းကတအာင်းဒေသမှာ တောင်ပိုင်စော်ဘွား အဆက်ဆက်က ဆွေစဉ်မျိုး ဆက်အုပ်ချုပ်နေထိုင်လာခဲ့ကြတာပါ။
တအာင်းလူမျိုးတွေရဲ့ နောက်ဆုံးစော်ဘွားဖြစ်တဲ့ ခွန်ပန်းစိန်က ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ထွန်း ပေါ်ပေါက်လာဖို့ အဓိကကျသည့် ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ပါဝင်ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပြီးတော့ တောင်ပိုင်စော်ဘွားကြီးကလည်း ၁၉၅၈ ခုနှစ်မှာ စော်ဘွားအာဏာကိုစွန့်လွှတ်ပြီးတော့ ပဒေသရာဇ်စနစ် အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ စော်ဘွားကြီး ခွန်ပန်းစိန်ကလည်း အတူပါ ဝင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
၁၉၄၆ ခုနှစ်မှာ ပလောင်အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး အမျိုးသားရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ်မှာတော့ ဖျက်သိမ်းခံလိုက်ရပါတယ်။
၁၉၆၃ ခုနှစ်မှာတော့ ပလောင်အမျိုးသားတပ်ဖွဲ့ကို ဖွဲ့စည်းပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကာ ၁၉၉၁ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်မှာတော့ အပြီးအပိုင်လက်နက်စွန့်လွှတ်ခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာတော့ ပလောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နမ့်စန်နဲ့ ကွတ်ခိုင်မှာ အနိုင်ရရှိခဲ့ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ယခင် PSLA အဖွဲ့ဝင် ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တအာင်း (ပလောင်) အမျိုးသားပါတီ(TNP)က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ခြောက်ဦး အနိုင်ရရှိခဲ့တာပါ။
MNDAA နဲ့ ပဋိပက္ခဖြစ်နေတဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုတော့ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
TNLA လက်နက်ကိုင်အဖွဲ့က မြောက်ပိုင်းသုံးဖွဲ့ထဲမှာလည်း ပါဝင်ပြီးတော့ ကွတ်ခိုင်၊ နမ့်စန်၊ နမ္မတူ အစရှိတဲ့မြို့တွေကို ထိန်းချုပ်ထားပါတယ်။
■ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးပြည်ပကျူးကျော်ခံရမှု (သို့မဟုတ်) တရုတ်ဖြူကူမင်တန်ကျူးကျော်မှု
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် ပထမဆုံးပြည်ပကျူးကျော်မှုမှာ တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုဖြစ်ပါတယ်။
ယူနန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ တရုတ်ကွန်မြူနစ်ပါတီကြောင့် ဆုတ်ခွာလာတဲ့ တရုတ်ဖြူ ကူမင်တန် အဖွဲ့ဟာ မြန်မာနယ် စပ်ကို ၁၉၄၉ ခုနှစ်နှစ်ကုန်ပိုင်းမှာ စတင်ဝင် ရောက်လာခဲ့ပါတယ်။
ကူမင်တန်တပ်တွေကို ဦးဆောင်လာတဲ့ သူက ဗိုလ်ချုပ်လီမီဖြစ်ပြီးတော့ ၁၉၅၀ ပြည့် နှစ်မှာ ကျိုင်းတုံနယ် တာချီလိတ်မှာအခြေချ ခဲ့ပါတယ်။ စတင်ဝင်ရောက်ချိန်တုန်းကတော့ အင်အား ၁၅၀၀ နဲ့ ဝင်ရောက်ခဲ့ပြီးတော့ ၁၉၅၂ ခုနှစ်မှာတော့ အင်အားခြောက်ထောင် ကျော်ဖြစ်လာပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အင်အားသောင်း ချီရှိလာခဲ့ပါတယ်။
ကူမင်တန်တွေ စတင်ဝင်ရောက်လာစဉ်ကတည်းက မြန်မာအစိုးရကလက်နက်ချမလား ဒါမှမဟုတ် မြန်မာ့မြေကနေ ထွက်ခွာမ လားပြောခဲ့ပေမယ့် ကူမင်တန်တွေကလက်မ ခံခဲ့ဘဲ မြန်မာတပ်မတော်က တိုက်ခိုက်မယ် ဆိုရင်ပြန်တိုက်မယ်လို့ အကြောင်းပြန်ခဲ့တာပါ။
မြန်မာတပ်မတော်က ထိုးစစ်ဆင်ခဲ့ရာမှာတော့ တာချီလိတ်မြို့ကနေ ကူမင်တန်တွေ ဆုတ်ခွာခဲ့ရပြီး ၁၉၅၀ ခုနှစ် ဇူလိုင်လမှာ မိုင်းဆတ်မြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ မိုင်းဆတ်မြို့ဟာ ထိုင်းနိုင်ငံနဲ့ မိုင် ၈၀ သာကွာဝေးတဲ့အ တွက်ကြောင့် ကူမင်တန်တို့အတွက် ထောက်ပံ့ရေးလမ်းကြောင်းကလည်း ကောင်းမွန်တဲ့အပြင် မိုင်းဆတ်မြို့အနေအထားအရလည်း အကာအကွယ်တစ်ခုရရှိခဲ့တာဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်မှာ ကူမင်တန်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ကုလသမဂ္ဂကိုတင် ပြခဲ့ရပြီးတော့ အကူအညီတောင်းခံခဲ့ရပါ တယ်။ UN က အဲ့ဒီအရေးနဲ့ ပတ်သက်ပြီး မြန်မာ၊ ထိုင်း၊ အမေရိကန်၊ ထိုင်ဝမ်တို့ပါဝင် တဲ့ စစ်ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မရှင်ရဲ့ အားထုတ်မှုနဲ့ သုံးလကြာမျှ ဆွေးနွေးအပြီးမှာတော့ ကူမင်တန်တို့က တပ်တွေပြန်ဆုတ်ပေးဖို့ သဘောတူခဲ့ကြတာပါ။
၁၉၅၃ ခုနှစ် နိုဝင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာလအထိ ပထမအကြိမ်၊ ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ ၂၈ ရက်အထိ ဒုတိ ယအကြိမ်၊ မေ ၁ ရက်ကနေ ၇ ရက်အထိ တတိယအကြိမ်ဆိုပြီး သုံးကြိမ်တိုင်တပ်ဆုတ် ပေးခဲ့ပြီးတော့ ကူမင်တန်တပ်ဖွဲ့တွေကထိုင်း နိုင်ငံချန်ရိုင်မြို့ကနေ ထိုင်ဝမ်ကို ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ကူမင်တန်အချို့ကတော့ မြန်မာ့မြေပေါ်ကနေ ထွက်ခွာလိုခြင်းမရှိတဲ့အတွက်ကြောင့် ရှမ်းသို့မဟုတ် လားဟူတိုင်းရင်း သားတွေနဲ့ဆင်တူကြောင်းနဲ့ ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေက အဟောင်းအနွမ်းတွေသာ ဖြစ်တယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၅၄ ခုနှစ် မေလပိုင်းမှာတော့ ကူမင်တန်တပ်တွေကို ဦးဆောင်လာ တဲ့ဗိုလ်ချုပ်လီမီက တပ်တွေ ကိုဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အင်အားခြောက်ထောင် ကျော်ရှိသေး တဲ့ ကူမင်တန်တွေကိုတော့ မြန်မာတပ်မတော်က ထပ်မံတိုက်ထုတ်ခဲ့ရတဲ့အတွက်ကြောင့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ ကူမင်တန်တွေကို လက်နက်ထောက်ပံ့ပေးတဲ့ အမေရိကန်လေယာဉ်တစ်စင်းကို မြန်မာအစိုးရက ဖမ်းဆီးရမိခဲ့ပြီးတော့ အဲ့ဒီအချက်ကိုကိုင်ကာ အမေရိကန်အစိုးရကိုဖိ အားပေးနိုင်ခဲ့တာကြောင့် ကျန်ရှိနေတဲ့ကူမင်တန်တပ်တွေကို ထိုင်ဝမ်ကိုပြန်ပို့နိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ကူမင်တန်အင်အား လေးထောင်ကျော်ကို ထိုင်ဝမ်အစိုးရက ပြန်ခေါ်ခဲ့ပြီးတော့ အနည်းငယ်ကျန်ရှိနေတဲ့ ကူမင်တန်တွေကတော့ ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံမှာ ကျန်ရှိခဲ့ပါတယ်။
■ လတ်တလော ရှမ်းမြောက်အရေးနဲ့ တရုတ်ရဲ့ပတ်သက်မှု
မတ် ၁၄ ရက်မှာ TNLA ထိန်းချုပ်ထား တဲ့ ကွတ်ခိုင်မြို့ကို MNDAA က စတင်တိုက် ခိုက်ခဲ့ပြီးတော့ နှစ်ရက်အကြာမှာပဲ ကွတ်ခိုင် မြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ တရုတ်- မြန်မာ အဓိက ကုန်သွယ်ရာ လမ်းမကြီးဖြစ်တဲ့ ပြည်ထောင်စု လမ်းမကြီးကိုလည်း MNDAA တွေက ထိန်း ချုပ်ထားပါတယ်။
ကွတ်ခိုင်မြို့မှာ MNDAA အဖွဲ့က တပ်ဆင်ထားတဲ့ CCTV တွေကို TNLA အ ဖွဲ့က ဖြုတ်သိမ်းတာနဲ့ ပတ်သက်ပြီး မကျေနပ် တဲ့အတွက်ကြောင့် တိုက်ခိုက်ခဲ့တာလို့ TNLA အဖွဲ့က ထုတ်ပြန်ထားပေမယ့် အဲ့ဒီ အချက်ထက်ပိုတဲ့အကြောင်းအရာတွေရှိနိုင် တယ်လို့ ပြည်တွင်းအရေး လေ့လာသူတွေက သုံးသပ်မှုတွေ လည်းရှိနေပါတယ်။
ကွတ်ခိုင်မြို့မှာဖြစ်ပွားတဲ့ နှစ်ရက်ကြာ တိုက်ပွဲတွေမှာတော့ MNDAA အဖွဲ့တွေက ဒရုန်းတွေကို ဖောဖောသီသီအသုံးပြုတိုက် ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြို့အပြင် နမ့်ဖတ်ကာလမ်း ကြော၊ မူဆယ် ၁၀၅ မိုင်နဲ့ TNLA ထိန်းချုပ် ထားတဲ့ နမ့်ခမ်းမြို့အနီးအထိပါ MNDAA က နေရာယူထားတယ်လို့ သိရပါတယ်။
မတ် ၁၇ ရက်မှာတော့ TNLA နဲ့ MNDAA အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ နှစ်ဖက်အခြေအနေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပြီး နှစ်ရက် ကျော်ကြာမြင့်တဲ့အထိ သဘောတူညီမှုမရသေးဘူးလို့လည်း သိရပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ရှမ်း မြောက်အရေးမှာရော ၁၀၂၇ အရေးမှာပါ တရုတ်ပတ်သက်မှုရှိနေတယ်လို့ မီဒီယာတွေမှာ သုံးသပ်ဖော်ပြချက်တွေကလည်း ရှိနေပါတယ်။
၁၀၂၇ ဖြစ်စဉ်မှာတော့ မြောက်ပိုင်းသုံးဖွဲ့က ကျားဖြန့်တိုက်ဖျက်ရေးလို့ ခေါင်းစဉ်တပ်ပြီးတော့ မြန်မာတပ်မတော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်ကွယ်မှာ တရုတ်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက် တွေကလည်း ရှိနေပါတယ်။
ဒါ့အပြင် ကိုးကန့်အဖွဲ့က ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့၊ သိန္ဒီမြို့တွေက စီးပွားရေးလုပ်ငန်း တော်တော်များများမှာလည်း တရုတ်ဘာသာနဲ့ ရေးသားထားရမယ် ဆိုတဲ့ညွှန်ကြားချက်တွေက ရှိခဲ့ပါတယ်။ ဒါတင်မကဘဲ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူဆိုရင် ခွဲခြားဆက်ဆံမှုတွေလည်းရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။
■ကိုးကန့်က ဒုတိယ ကူမင်တန်လား ဒါမှမဟုတ် ဆွေးနွေးရမယ့် တိုင်းရင်းသားလား
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်တယ်ဆိုပေမယ့် တရုတ်လူမျိုးတွေနဲ့ ယဉ်ကျေးမှု၊ သုံးစွဲတဲ့ဘာသာစကား အစရှိတာတွေ အနီးစပ်ဆုံးတူညီတဲ့ ကိုးကန့်လူမျိုးတွေနဲ့ ပတ်သက်ပြီး လတ်တလော လုပ်ဆောင်ချက်တွေက မေးခွန်းထုတ်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံရဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေရှိနေတယ်လို့ သုံးသပ်မှုတွေ အများအပြားထွက် ပေါ်နေတဲ့အချိန်မှာ ကိုးကန့်လူမျိုးနဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေက မြန် မာဌာနေတိုင်းရင်းသားအဖွဲ့လို့ သတ်မှတ်ရ မယ်ဆိုတာထက် ပိုမိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
ခေတ်အဆက်ဆက် မြန်မာအစိုးရအဖွဲ့ တွေအနေနဲ့ ကိုးကန့်ခေါင်းဆောင်ဖုန်ကြား ရှင်လက်ထက်ကနေစပြီး ငြိမ်းချမ်းရေးရယူ နိုင်ခဲ့တာ ကာလအနည်းငယ်သာရှိခဲ့ပြီးတော့ ကိုးကန့်လူမျိုးအချင်းချင်း တိုက်ခိုက်မှုတွေက ရှိခဲ့ပါတယ်။
ဖုန်ကြားရှင်ကို ပယ်စောက်ချိန်ကတိုက် ထုတ်အပြီးမှာ တကျော့ပြန်အနေနဲ့ ဖုန်ကြားရှင်ရဲ့သား ဦးဆောင်တဲ့ အချိန်မှာတော့ ကိုးကန့်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တန်ခိုးထွားခဲ့တဲ့ ပယ်စောက်ချိန်မိသားစုတွေကို ကျားဖြန့်အကြောင်းပြပြီး တိုက်ထုတ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး အထူးဒေသ ၁ ကို ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနဲ့ လောက်ကိုင်ခရိုင် စတဲ့ ခရိုင် ၄ ခုနဲ့ သတ်မှတ်ဖွဲ့စည်းမယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့ကို ဝင်မတိုက်မီ ရက်ပိုင်းမှာပဲ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျွင်းက နေပြည်တော်ကိုလာရောက်ပြီးတော့ မြန်မာအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ချို့နဲ့ တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။
အဲ့ဒီလိုတွေ့ဆုံမှုအပြီးမှာ MNDAA က ကွတ်ခိုင်မြို့ကို CCTV ဖြုတ်သိမ်းမှုကို အကြောင်းပြပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် ဘယ်လိုအခြေအနေတွေရှိသလဲဆိုတာ မေး ခွန်းထုတ်ရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ မုံးကိုး၊ သိန္နီ အစရှိတဲ့မြို့ တွေမှာလည်း မြန်မာဘာသာအပြင် တရုတ် ဘာသာကိုပါ ပူးတွဲရေးထိုးထားပြီးတော့ ငွေ ကြေးမှာလည်း တရုတ်ငွေကြေးကို အဓိက ထားသုံးစွဲတယ် လို့ သိရပါတယ်။
သိသိသာသာမြင်သာစေတဲ့အချက်ကတော့ မြန်မာအစိုးရအဆက်ဆက်က သိန္နီမြို့လို့ သတ်မှတ်ထားတဲ့ မြို့ဆိုရင် MNDAA ရဲ့ ထိန်းချုပ်မှုအောက်ရောက်ရှိပြီး နှစ်နှစ်အကြာမှာ မူပန်မြို့လို့ ခေါ်ဝေါ်သုံးစွဲနေကြတယ် လို့ ဘီဘီစီမြန်မာပိုင်းက ရေးသားဖော်ပြထားပါတယ်။
သိန္နီမြို့ကို မြန်မာသက္ကရာဇ် ၃၁၉ ခုနှစ် မှာ စပ်ရှိန်ဖရဲ့သားတော် စပ်ဖဖိုင်ခမ်းက စတင်တည်ထောင်ခဲ့ပြီးတော့ မြန်မာသက္က ရာဇ် ၁၂၄၃ ခုနှစ်မှာ မြို့ကိုထပ်မံတိုးချဲ့ခဲ့ပါ တယ်။ မြို့ရဲ့အမည်ရင်းက ဝိန်းကျဲလို့ ခေါ် တွင်ခဲ့ပြီးတော့ သျှင်ဝီလို့ အမည်ထပ်တွင်ခဲ့ ကာ နောက်ပိုင်းမှာ သိန္နီမြို့လို့အမည်တွင်ခဲ့ပါတယ်။ ရှမ်းစော်ဘွားမျိုးနွယ်စုဝင်တွေက နှစ်ပေါင်း ၁၀၀ ကျော်အုပ်ချုပ်စိုးစံခဲ့ပြီးတော့ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ တော့ စော်ဘွားများအာဏာစွန့်ချိန်အထိ စော်ဘွားကြီး စပ်ဟုန်ဖက အုပ်ချုပ်ခဲ့တာလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ သိန္နီမြို့ဒေသ ဆိုင်ရာအချက်အလက်များမှာ ဖော်ပြထားပါ တယ်။ ပြောရမယ်ဆိုရင် သိန္နီမြို့ဆိုတာ ရှမ်း စော်ဘွားတွေရဲ့ ပြယုဂ်တစ်ခုအဖြစ် ရှိခဲ့ပြီး တော့ စော်ဘွားတွေရဲ့ သမိုင်းဝင်ဟော်နန်း တစ်ခုလည်း မြို့ပေါ်မှာတည်ရှိပါတယ်။
ဒါပေမဲ့ MNDAA ထိန်းချုပ်ထားတဲ့ နှစ်နှစ်တာကာလမှာတော့ မူပန်ဖြစ်သွားတယ်လို့ ဘီဘီစီမြန်မာပိုင်းက ဖော်ပြထားပြီးတော့ မြို့ရဲ့နေရာအတော်များများမှာ တရုတ်လူမျိုးတွေစိုးမိုးထားပြီး တရုတ်ဘာ သာစကားနဲ့ ရေးသားထားတဲ့ တရုတ်ဆိုင်အများအပြားကို တွေ့ရတယ်လို့ ဘီဘီစီမှာ ဖော်ပြထားပါတယ်။
မြန်မာတိုင်းရင်းသားထဲမှာပါတယ်လို့ ဆိုထားတဲ့ ကိုးကန့်လူမျိုးတွေအနေနဲ့ကတော့ သူတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာ တရုတ်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ဆောင်နေတဲ့အပြင် တရုတ်လူမျိုးအများအပြားလာရောက် လုပ်ကိုင်နေတဲ့အခြေအနေက ကူမင်တန်အဖွဲ့တွေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာပြီး ခြေကုပ်ယူခဲ့တဲ့အခြေအနေတစ်ခုလိုဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်ရမှာပဲဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ရွေးကောက်ပွဲအရ အစိုးရသစ်၊ လွှတ်တော်သစ်ဖြင့် နိုင်ငံရေးအခင်းအကျင်းအသစ်မှာလည်း မကြာမီလာတော့မှာ ဖြစ်ပါတယ်။
" အခုဆို ကိုးကန့်က ခရိုင်လေးခုကို အထူးဒေသ ၁ ထဲမှာထည့်ပြီး သူတို့အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နေတယ်။ ၂၀၀၈ မှာက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ ၁ ဆိုတာက လောက်ကိုင် နဲ့ ကုန်းကြမ်းမြို့တွေကို သတ်မှတ်ထားတာပါ။ အခုကျတော့ လောက်ကိုင်၊ ကုန်းကြမ်းတင် မကဘူး။ မုံးကိုး၊ သိန္နီ မြို့တွေကိုပါ အထူးဒေ သ ၁ ထဲကို ထည့်ပြီး MNDAA က အုပ်ချုပ် ရေးလုပ်ငန်းတွေလုပ်နေတယ်။ ဒါက ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့လည်း မညီဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ရှိနေသမျှကာလပတ်လုံး ဒါကို ကျော်လို့မရဘူး။ အခု MNDAA လုပ် တာက ဖွဲ့စည်းပုံကိုလည်း ချိုးဖောက်တယ်။ သူ့သဘောနဲ့သူ ခရိုင်လေးခု သတ်မှတ်ပြီး အုပ်ချုပ်မယ်ဆိုတဲ့သဘောပဲ။ ဒါက သူ့ နောက်မှာ အင်အားကြီးတဲ့သူရှိနေလို့လား။ ဒါမျိုးဆိုရင်တော့ Proxy နယ်ချဲ့ဝါဒ ဖြစ်နေတယ်။ အခု ကွတ်ခိုင်တို့ ဘာတို့ဘက်ကို ပါ နယ်မြေချဲ့ထွင်လာတဲ့သဘောမျိုးဖြစ်နေပြီ။ မတ် ၈ ရက် သတင်းစာရှင်းလင်းပွဲမှာတုန်းက အင်အားကြီးတဲ့သူမှန်တယ်ဆိုတဲ့ တောရိုင်း ဥပဒေစိုးမိုးလာတာကို လက်မခံဘူးလို့ ဝမ်ယိ ကပြောခဲ့ဖူးတယ်။ အခု ရှမ်းမြောက်မှာလည်း အင်အားကြီးတဲ့သူက နောက်ကွယ်ကနေပါ နေသလားဆိုတာတွေက မေးခွန်း ထုတ်စရာ ဖြစ်လာပြီ။ ဘာကြောင့်ပါတာလဲ၊ ဘယ်လိုအ ခြေအနေကြောင့် ပါလာတာလဲ။ မပါဘူးဆို ရင်လည်း သေချာတဲ့သက်သေပြချက်တွေလို အပ်တယ်။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ Proxy နယ်ချဲ့ဝါဒကို အသုံးချနေတာလားဆို တာမေးရတော့မယ်။ လာမယ့်လွှတ်တော်နဲ့ အစိုးရသစ်အတွက်ကတော့ ဖြေရှင်းရမယ့် ပုစ္ဆာတစ်ခု ဖြစ်လာပြီ။ ဘယ်လိုပဲဖြစ်ဖြစ် MNDAA ရဲ့လုပ်ကိုင်ပုံနဲ့ ပတ်သက်ပြီးလွှတ် တော်မှာရော အစိုးရ မှာရော ဖြေရှင်းဆွေးနွေး ရမယ့်အခြေအနေကို ရောက်လာပြီ။ ဘယ် လိုလုပ်မလဲဆိုတာပေါ့။ ဆွေးနွေးမယ် ဆိုရင် လည်း လွှတ်တော်ရော၊ အစိုးရအဖွဲ့ရောက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းပဲ ဆွေးနွေး ရလိမ့်မယ်။ အဲ့ဒီထဲမှာ သတ်မှတ် ထားတဲ့ အထူးဒေသ ၁ နယ်နိမိတ်ကိုပဲ အခြေ တည်ပြီး ဆွေးနွေးရ လိမ့်မယ်။ ဆွေးနွေးရမယ့် ကိစ္စ တွေကတော့ အများကြီးပဲပေါ့။ MNDAA အနေနဲ့ကလည်း တရုတ်ဖြူကျူး ကျော်သူလို လုပ်မှာလား။ ဒါမှမဟုတ် တိုင်းရင်းသားလက် နက်ကိုင်အနေနဲ့ ရပ်တည်မှာလား။ MNDAA က အရင်တုန်းကလည်း စေတီတွေကို ရိုက်ချိုးဖျက်စီးခဲ့တာတွေလည်းရှိတယ်။ အခု သူ့ဒေသမှာဆိုရင်လည်း တရုတ်စကားပြော၊ တရုတ်ငွေကြေးနဲ့ သူ့အုပ်ချုပ်ရေးကို ပုံစံဖော်နေတယ်။ အဲဒီတော့ MNDAA ဟာ တရုတ် ဖြူကူမင်တန်ကျူးကျော်သူလား၊ ERO လား မေးရတော့မယ်။ သူတို့ရဲ့ အထူးဒေသနယ် မြေအတိုင်း ပြန်မှာလား။ တကယ်လို့မှ ညှိလို့ နှိုင်းလို့မှ မရဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက လွှတ်တော်အသစ်ရော၊ အစိုးရ သစ်အတွက်ရော ဖြေဆိုရမယ့်ပုစ္ဆာတွေ။ ကိုးကန့်တွေအတွက် သတ်မှတ်ထားတဲ့ အထူးဒေသ ၁ ကို ပြန်ဆုတ်ပေးရမယ်။ မဆုတ်ဘူးဆိုရင် အစိုးရသစ်သက်တမ်းအတွင်းမှာပဲ တရုတ်ဖြူကူမင်တန်ကို တိုက်ထုတ်သလို တိုက်ထုတ်ရလိမ့်မယ်" လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူတစ်ဦးက ပြောပါတယ်။
လူဦးရေ နှစ်သိန်းကျော်သာရှိတဲ့ ကိုးကန့်မျိုးနွယ်စုတွေအနေနဲ့ သူတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံမှာ သတ်မှတ် ထားတဲ့ အထူး ဒေသ ၁ မှာ အခြေချနေထိုင်သင့်ပြီးတော့ သူတို့လူမျိုးစုနဲ့ မဆိုင်တဲ့ ရှမ်းမြောက်တခွင် လုံးနီး ပါးကို သိမ်းယူပြီး တရုတ်နိုင်ငံတပိုင်း လုပ်ဖို့ မလိုအပ်ပါဘူး။ အဲ့ဒီလိုလုပ်မယ်ဆို ရင်တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအချုပ် အခြာအာဏာအတွက် တက်လာမယ့်အစိုးရ သစ်က ကာကွယ်ဖို့လိုအပ်ပါတယ်။ ပြည်ခိုင် ဖြိုးအစိုးရလက်ထက်မှာ မလုပ်နိုင်ဘူးဆိုရင် လည်း နောက်ပိုင်းတက်လာမယ့် မြန်မာအစိုး ရတွေအနေနဲ့ ငြိမ်းချမ်းရေးကိုဗန်းပြပြီး အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လဲဖို့ လည်း မလိုအပ်သလို မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်မြေပုံအတိုင်း ရှိနေဖို့ ထိန်းသိမ်းနိုင်ဖို့ဆိုတာ တက်လာမယ့်အစိုးရ အဆက်ဆက်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။















