အီရန် ပဋိပက္ခ ချက်ချင်းရပ်ရန် ပူတင်တိုက်တွန်း

အီရန် ပဋိပက္ခ ချက်ချင်းရပ်ရန် ပူတင်တိုက်တွန်း
Published 7 March 2026

အီရန်နိုင်ငံအပေါ် အစ္စရေးနှင့်အမေရိကန်တို့၏ လက်နက်ကိုင် ကျူးကျော်တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရမှုအပေါ်  ဝမ်းနည်းကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။

မတ် ၆ ရက်နှောင်းပိုင်းက အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နှင့် ဖုန်းဆက်သွယ်စကားပြောဆိုမှုအတွင်း ပူတင်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၊ ခါမေနီ၏ မိသားစုဝင်များ၊ အီရန်နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များအပြင် အရပ်သားအများအပြား သေဆုံးခဲ့ရမှုအတွက် အလွန် ဝမ်းနည်းကြေကွဲမိကြောင်း ပြောကြားခဲ့သည်။

သမ္မတပူတင်အနေဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရေး၊ အီရန်နိုင်ငံနှင့် ပတ်သက်သည့် ပြဿနာများ သို့မဟုတ် အရှေ့အလယ်ပိုင်းတွင် ပေါ်ပေါက်လာသော မည်သည့်ကိစ္စရပ်ကိုမဆို ဖြေရှင်းရာတွင် အင်အားသုံးဖြေရှင်းမှုကို ငြင်းပယ်ရေးနှင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည်ဦးတည်ရေးတို့တွင် ရုရှား၏ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပူတင်က သူသည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း အမြဲတမ်း အဆက်အသွယ်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။

အီရန်သမ္မတ ပီဇက်ရှ်ကီယန်ကလည်း မိမိတို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံ၏ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်နေသည့် အီရန်ပြည်သူများနှင့်အတူ ရုရှားနိုင်ငံက တစ်သားတည်း ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆုံးအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref: Reuters

Most Read

Most Recent