အီရန်၏ အမြင့်ဆုံးခေါင်းဆောင်နေရာကို အယာတိုလာ ခါမေနီ၏သားဖြစ်သူ မိုဂျ်တာဘာအား ရွေးချယ်

အီရန်၏ အမြင့်ဆုံးခေါင်းဆောင်နေရာကို အယာတိုလာ ခါမေနီ၏သားဖြစ်သူ မိုဂျ်တာဘာအား ရွေးချယ်
Published 4 March 2026
Ref:NDTV

အီရန်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အယာတိုလာ အလီ ခါမေနီ၏ သားဖြစ်သူ မိုဂျ်တာဘာကို အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။

မိုဂျ်တာဘာကို အီရန်နိုင်ငံ၏ ကျွမ်းကျင်သူများကောင်စီက ခါမေနီ၏ နေရာကိုဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈၆ နှစ်အရွယ်ရှိ အယာတိုလာ ခါမေနီ သေဆုံးခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ခါမေနီသည် ၎င်း၏ နေအိမ်ဝင်းအတွင်း ရှိနေခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခါမေနီနှင့်အတူ ၎င်း၏ သမီးဖြစ်သူ၊ သမက်ဖြစ်သူနှင့် မြေးဖြစ်သူတို့လည်း သေဆုံးခဲ့သည်။ ခါမေနီ၏ ဇနီးဖြစ်သူ မန်ဆူရေး ခိုဂျက်စတေး ဘာဂါဇာဒေးသည်လည်း ရရှိသော ဒဏ်ရာများဖြင့် နောက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။

ခါမေနီကို မာရှတ်မြို့တွင် သင်္ဂြိုဟ်မည်ဖြစ်ပြီး တီဟီရန်မြို့တော်တွင် ကြီးကျယ်သော ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က Telegram တွင် ပို့စ်တင်ခဲ့သည်။ သို့သော် သင်္ဂြိုဟ်မည့်ရက်အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

 

Most Read

Most Recent