စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်သည့် ရန်ကုန်ရွှေအသင်းဥက္ကဌ၊ ဒုဥက္ကဌ(၁) နှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးအရေးယူပြီးနောက် ရန်ကုန်ရွှေစျေးကွက်အတွင်း အခေါက်ရွှေအရောင်းအဝယ် ငြိမ်သက်နေကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ သိရသည်။
“တချို့ဆိုင်တွေ အရောင်းရောအဝယ်ရော မလုပ်ကြဘူး။ အထည်တွေကတော့ အရောင်းအဝယ်လုပ်ကြတယ်။ အခေါက်ကတော့ ဘယ်သူမှ ဝယ်လည်းမဝယ်သလို ရောင်းလည်းမရောင်းကြဘူး” ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ သိရသည်။
ရွှေဆိုင်အချို့မှာ ဖွင့်လှစ်ထားခြင်းများ ရှိသော်လည်း စျေးကွက်အခြေအနေကို စောင့်ကြည့်နေခြင်းများရှိပြီး လက်ရှိတွင်မူအခေါက်ရွှေရောင်းဝယ်ခြင်းများကို လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီ၏ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည့် သတ်မှတ်ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၉ သိန်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရွှေစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရွှေတုံးရွှေခဲများသိုလှောင်ရောင်းဝယ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းဥက္ကဌ၊ ဒုဥက္ကဌ(၁) နှင့်အတွင်းရေးမှူးတို့ကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ဖေဖော်ဝါရီ ၅ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတို့သုံးဦးသည် ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများ ဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေစျေးကွက် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်စျေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူသိုလှောင်ခြင်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု သိရသည်။
ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်စျေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင်ထားရှိခဲ့ကြောင်း၊ ထို့အတူ ရွှေအသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်းမှာ ၎င်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်စျေးဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ် သားအား အမြတ်ယူကာ စျေးနှုန်းမြှှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ အတွင်းရေးမှူး ဦးနေမျိုးထက်သည် ၎င်း၏ ရွှေဆိုင်များ၌၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက် ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်စျေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအားအမြတ် ရယူကာ စျေးနှုန်းမြှှင့်တင်ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရသည်။
၎င်းတို့မှာ ရွှေစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူသိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်သဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေစျေးကွက်တည်ငြိမ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် လိုက်နာခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်မှာ သိန်းသန်းစိန်ရွှေရတနာဆိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်းမှာ အကယ်ဒမီ ရွှေဆိုင်နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်မှာ ရွှေစင်အကယ်ဒမီရွှေဆိုင်တို့မှ ဖြစ်သည်။
အချို့သောရွှေလုပ်ငန်းရှင်များမှာ ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေစျေးနှုန်းမြင့်တက်စေရန်နှင့် စျေးနှုန်းမတည်ငြိမ်စေရန်အတွက် ဓာတ်သတ္တု (ရွှေ) ရည်ညွန်းစျေး သတ်မှတ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်သည့် သတ်မှတ်ရွှေစျေးနှုန်းထက် ကျော်လွန်သည့် စျေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများအားဝယ်ယူ ၍တရားမဝင် သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















