■မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်မည်ဟုဆို
အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံအချို့က ခွဲခြားဆက်ဆံမှုများကို အစိုးရအသစ်လက်ထက်၌ ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျမဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောင်မြင်စွာ ကျင်းပခဲ့ကြောင်း အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒဿမ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒဿမ ၁၃ သန်းကျော်သည် ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ပြီး၊ ပြည်သူများက ရွေးချယ်ခဲ့သည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထိုစဉ်အာဏာရအစိုးရက မဲမသမာမှုများကို ဆိုးရွားစွာ ပြုလုပ်ခဲ့ပြီး အဆိုပါရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူများက တောင်းဆိုမှုအရ စိစစ်စုံစမ်းခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ၃၈ ဒဿမ၂ သန်းကျော်အနက် မဲမသမာမှု ၁၁ ဒဿမ ၃ သန်း ကျော်ပေါ်ပေါက်ခဲ့ကြောင်း သိသာထင်ရှားစွာ စိစစ်တွေရှိခဲ့သဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။ မသမာသောနည်းလမ်းများ အသုံးပြု၍ အာဏာရယူလိုသည့် တာဝန်ရှိသူများတွင် အဂတိအမှုနှင့် အခြားသောပြစ်မှုတို့ကို ကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်သဖြင့် တရားဥပဒေနှင့်အညီ တရားရုံးက ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအသစ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အနည်းငယ်သောနိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနေပြီး၊ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏ လုပ်ငန်းစဉ်များကို အာဆီယံတူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တာဝန်ယူမှုရှိသော အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ ယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ထည့်ဝင် ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရားများကို အစဉ်တစိုက် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံအပေါ် ခွဲခြား ဆက်ဆံမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံ မှုများကို နိုင်ငံတော်အစိုးရအသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တူညီဆန္ဒမရရှိသေးလင့်ကစား မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကိုဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံကူညီပေးခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။















