■ ဘီးလင်းမြို့နယ် ကော့ကမယ်ကျေးရွာရှိ စားသောက်ဆိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

■ ဘီးလင်းမြို့နယ် ကော့ကမယ်ကျေးရွာရှိ စားသောက်ဆိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 3 February 2026

ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာအုပ်စု ကော့ကမယ်ကျေးရွာရှိ စားသောက်ဆိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က အဆိုပါ ကော့ကမယ်ကျေးရွာ တောင်စွန်း - ဘီးလင်း ကားလမ်းဘေးရှိ ဒေါ်စီလေးဆိုသူ ပိုင်ဆိုင်သော စားသောက်ဆိုင်အတွင်း အိပ်ပျော်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသူက တောင်စွန်းနယ်မြေရဲစခန်းက နယ်ထိန်းဖြစ်တဲ့ ဒုတပ်ကြပ် ဇော်မင်းထွန်းလို့ သိရပါတယ်။ သူ စားသောက်ဆိုင်ထဲမှာ အိပ်ပျော်နေတဲ့ အချိန်မှာ သေနတ်သမား နှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ တစ်ဦးက စားသောက်ဆိုင်ထဲ ဝင်လာပြီး သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်” ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဒုတပ်ကြပ် ဇော်မင်းထွန်းမှာ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြောင်းနှင့် ၎င်းနှင့် အတူရှိနေသည့် တောင်စွန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဖုန်းမြင့်နိုင်ဆိုသူမှာ  အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။

ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒုတပ်ကြပ် ဇော်မင်းထွန်း၏ ရုပ်အလောင်းအား ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့လမ်းဆုံတွင် ကရင်ငြိမ်းချမ်းကောင်စီ (KNU/KNLA-PC) မှ တပ်ဖွဲ့ဝင်တစ်ဦးသည်လည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မွန်ပြည်နယ်၌ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့မှုများကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

 

Most Read

Most Recent