■ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အပြီးတွင် ပြည်သူ့ပါတီက ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာ ခြောက်နေရာတွင် လတ်တလော အနိုင်ရရှိထား

■ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အပြီးတွင် ပြည်သူ့ပါတီက ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာ ခြောက်နေရာတွင် လတ်တလော အနိုင်ရရှိထား
Published 13 January 2026

အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အပြီးတွင် ပြည်သူ့ပါတီက ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာ ခြောက်နေရာတွင် လတ်တလောအနိုင်ရရှိထားကြောင်း ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ဦးရဲကျော်စွာက ပြောကြားသည်။

ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အပြီး ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း မည်မျှအနိုင်ရရှိထားသည်ကို The Daily Eleven သတင်းစာက မေးမြန်းရာတွင် ဦးရဲကျော်စွာက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အပြီးတွင် ပြည်သူ့ပါတီက မွန်ပြည်နယ်လွှတ်တော် PR စနစ်တွင် တစ်နေရာ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် PR စနစ်တွင် သုံးနေရာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် PR စနစ်တွင် တစ်နေရာနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် FPTP စနစ်တွင် တစ်နေရာတို့တွင် လတ်တလောအနိုင်ရရှိထားခြင်းဖြစ်သည်။

“လတ်တလော ကျွန်တော်တို့ ကိန်းဂဏန်း တွက်ချက်မှုအရ သိရှိထားတာကတော့ မွန်ပြည်နယ်မှာ တိုင်းလွှတ်တော် PR တစ်နေရာ ရတယ်။ မကွေးတိုင်းမှာ တိုင်းလွှတ်တော် PR သုံးနေရာ ရတယ်။ ရန်ကုန်တိုင်းမှာ တိုင်းလွှတ်တော် PR တစ်နေရာ ရတယ်။ တနင်္သာရီတိုင်း မြိတ်မှာ တိုင်းလွှတ်တော် FPTP  တစ်နေရာရတယ်” ဟု ဦးရဲကျော်စွာက ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်တွင်မူ ပြည်သူ့ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းက မဲရေတွက်မှု ရလဒ်အရ ပထမနေရာတွင် ရှိနေသော်လည်း ရွေးကောက်ပွဲ အပိုင်း (၃) ပြီးမှသာ အနိုင်ရခြင်း ရှိ မရှိကို သိရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အမျိုးသားလွှတ်တော်က တွက်လို့ မပြီးသေးဘူး။ အပိုင်း (၃) ပြီးမှ တွက်လို့ပြီးမှာ။ အမျိုးသားလွှတ်တော်က ဒီလို။ ကြည့်မြင်တိုင်မှာ ကိုကြည်သာဦးက မဲရေတွက်မှုအရ နံပါတ် (၁) စွဲနေတာ။ အခုဟာက နိုင်တယ်လို့ ပြောလို့ မရသေးဘူး။ အပိုင်း (၃) ပြီးမှ အမျိုးသားလွှတ်တော် PR ရလဒ်က ရန်ကုန်တိုင်းအတွက် အဖြေထွက်မှာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲ မပြီးသေးသည့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရွေးကောက်ပွဲ အပိုင်း (၃) ပြီးမှသာ တိုင်းနှင့် ပြည်နယ် လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာနှင့် တိုင်းရင်းသားရေးရာ လွှတ်တော်နေရာများ၏ ရလဒ်ကို သိရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) အပြီးမှာ တချို့ပြည်နယ်နဲ့ တိုင်းတွေကတော့ ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်တွေ အပြီးအစီး ကျင်းပပြီးတာတွေ ရှိတယ်။ အဲဒီလိုနေရာတွေမှာတော့ ကျွန်တော်တို့ ပြည်သူ့ပါတီက တိုင်းနဲ့ ပြည်နယ် နေရာတွေ ဘယ်လောက်ရလဲဆိုတာ တွက်ချက်လို့ ရတယ်။ အခုဟာက အပိုင်း (၃) မှာ မပြီးသေးဘဲ ကျန်နေသေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ရှိတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း စသဖြင့်ပေါ့နော်။ ဒါတွေက ဆက်လက်ကျင်းပမယ့် ပြည်နယ်တွေနဲ့ တိုင်းတွေ။ ဆက်လက်ကျင်းပမယ့် ပြည်နယ်တွေနဲ့ တိုင်းတွေမှာကျတော့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေရဲ့ ရလဒ်တွေက အပိုင်း (၃) ပြီးမှပဲ သိရမှာပေါ့။ နောက်ပြီး အမျိုးသားလွှတ်တော် FPTP ရလဒ်ရော၊ PR ရလဒ်ကရော အပိုင်း (၃) တစ်ခုလုံး ပြီးမှပဲ ကျွန်တော်တို့ ရမယ်။ နောက်တစ်ခုကကျတော့ တိုင်းနဲ့ ပြည်နယ် PR ရလဒ်တွေကလည်း အပိုင်း (၃) ပြီးမှပဲ ရမယ်” ဟု ဦးရဲကျော်စွာက ပြောကြားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း၊ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်တွင်လည်းကောင်း စုစုပေါင်း ၂၆၅ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Most Read

Most Recent