သထုံမြို့နယ် မရမ်းကုန်းကျေးရွာ ဂျိုးဖြူကုန်း မူ/လွန် ကျောင်းရှိ မဲရုံတွင် မဲရုံအတွင်းဝင်ရောက်ကာ ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးပြီး ၎င်းလိုလားသူကို မဲထည့်ရန် စည်းရုံးသည့်အပြင် မဲရုံတာဝန်ရှိသူများကိုပါ ခြိမ်းခြောက်ပြောဆိုသူနှစ်ဦးအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းအချိန်က သထုံမြို့နယ် မရမ်းကုန်းကျေးရွာ ဂျိုးဖြူကုန်းပိုင်းရှိ မူလွန် (ဂျိုးဖြူကုန်း) မဲရုံတွင် ယင်း မရမ်းကုန်းကျေးရွာ ဂျိုးဖြူကုန်းပိုင်းနေ အသက် ၄၁ နှစ်အရွယ် ဒေါ်တင်မာဝေနှင့် အသက် ၃၅ နှစ်အရွယ် မစနေမ (ခ) မခင်မိုးလှိုင် (ခ) မခင်မိုလာ တို့နှစ်ဦးမှာ မဲရုံတွင် တားမြစ်ထားသော လက်ကိုင်ဖုန်းယူဆောင်ခြင်းမပြုရ၊ ဓါတ်ပုံ/ဗီဒီယို ရိုက်ခြင်းမပြုရ စသည့် တားမြစ်ချက်များအား လိုက်နာခြင်းမရှိသည့်အပြင်၊ မဲဆန္ဒရှင်တစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဆန္ဒမဲပေးရန် တိုက်တွန်းသွေးဆောင်ခြင်း၊ မဲရုံမှူးမှ တာဝန်ဝတ္တရားအရ တားမြစ်သည်ကို မနာခံခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ မဲရုံအတွင်း တာဝန်ထမ်းဆောင်နေမှုအား အနှောက်အယှက်ဖြစ်စေရန် လက်ကိုင်ဖုန်းဖြင့် ဗွီဒီယိုမှတ်တမ်းများ ရိုက်ကူးခဲ့ကြာင်းနှင့် မရမ်းကုန်းကျေးရွာအုပ်စု ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်သက်ထွေးမှ ဖြေရှင်းပေးစဉ် မစနေမ (ခ) မခင်မိုးလှိုင် (ခ) မခင်မိုလာက “ပြည်သူ့ပါတီ” ကိုယ်စားလှယ်လောင်း ဦးဆန်းဝင်းနိုင်ထံ မဲရုံအတွင်း ဖုန်းဆက်ခဲ့ကြောင်း သိရသည်။
"မူ/လွန် (ဂျိုးဖြူကုန်း) မဲရုံမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာမဲရုံတာဝန်ရှိသူတွေက သိမ်ဆိပ်နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေကလည်း ဒေါ်တင်မာဝေနဲ့ မစနေမ (ခ) မခင်မိုးလှိုင် (ခ) မခင်မိုလာတို့နှစ်ဦးကို ထိန်းသိမ်းပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို့ဖြစ်စဉ်နှင့် ပတ်သက်ပြီးမဲရုံအတွင်းသို့ ယူလာခွင့်မရှိသည် လက်ကိုင်ဖုန်းအား ယူလာသည့်အပြင် မဲရုံအတွင်း၌ ဗီဒီယိုရိုက်ကူးခြင်း၊ မဲရုံတာဝန်ရှိသူများအပေါ် ဝတ္တရားနှောက်ယှက်ခြင်းပြုသူ မစနေမနှင့် မခင်မာဝေတို့အား ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၄ (က) အရ သိမ်ဆိပ်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ပုံစာ■ သထုံမြို့နယ်တွင် ရွေးကောက်ပွဲနေ့၌ ဆန္ဒမဲပေးသူများအား တွေ့ရစဉ်















