မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း UNODC ထုတ်ပြန်

မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း UNODC ထုတ်ပြန်
Published 3 December 2025

မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဘိန်းစိုက်ခင်းများလည်း ပိုမိုများပြားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း​ မြင့်တက်ခဲ့ပြီး ဘိန်းစိုက်ပျိုးသည့်မြေနေရာအကျယ်အဝန်းအရ ၄၅၂၀၀ ဟက်တာမှ ၅၃၁၀၀ ဟက်တာအထိ မြင့်တက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက်လျော့ကျနေချိန်တွင် ယခုထွက်ပေါ်လာသည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံကို တရားမဝင်ဘိန်းအရင်းအမြစ်အဖြစ် ကမ္ဘာက သိထားသည့် အချက်ကို ထပ်လောင်းအတည်ပြုရာရောက်ခဲ့သည်ဟု UNODC က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

"ဘိန်းစိုက်ပျိုးမှု သိသိသာသာမြင့်တက်လာမှုက ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ဘာသာသူ ပြန်လည်ခေါင်းထောင်လာတဲ့ ဘိန်းစီးပွားရေးဟာ ကျယ်ပြန့်လာတယ်ဆိုတာကို ပြသနေပါတယ်။ အနာဂတ်မှာလည်း ပိုပြီးမြင့်တက်လာနိုင်ခြေရှိတာကို ပြသနေပါတယ်" ဟု UNODC ၏ အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဒယ်လ်ဖင်း ရှန့်ဇ် က ပြောကြားခဲ့သည်။

 ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကြား မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသည့် စိုက်ခင်းနယ်မြေများသည် သိသိသာသာကြီးမားလာခဲ့သော်လည်း ဘိန်းစိုက်ခင်း တစ်ဟက်တာချင်းစီတွင် ထွက်ရှိသည့် ဘိန်းပမာဏမှာမူ ဘိန်းစိုက်ခင်းနှုန်းထားလောက် မြင့်တက်ခဲ့ခြင်းမရှိကြောင်း UNODC က ပြောကြားခဲ့သည်။

ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုကြား ထိုကဲ့သို့ ကွာဟချက်ရှိနေခြင်းသည် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှု မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟုလည်း UNODC က ပြောကြားခဲ့သည်။

ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် ဘိန်းစိုက်ပျိုးသူများသည် ၎င်းတို့၏ စိုက်ခင်းများကို ထိန်းသိမ်းရန်နှင့် ဘိန်းပမာဏအများအပြားထုတ်လုပ်ရန် ခက်ခဲလာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘိန်းစျေးများ မြင့်တက်လာမှုသည် မြန်မာနိုင်ငံတွင်ဘိန်းများစိုက်ပျိုးမှုမြင့်တက်လာရသည့် အဓိကအကြောင်းရင်းဖြစ်ပြီး ဘိန်းစျေးနှုန်းသည် ၂ ဆကျော်မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံတွင် ဘိန်း ၁ ကီလိုဂရမ်လျင် ၁၄၅ ဒေါ်လာရှိခဲ့ရာမှ လက်ရှိအချိန်တွင် ဘိန်း ၁ ကီလိုဂရမ်လျင် ၃၂၉ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ခင်းများ အများဆုံး မြင့်တက်လာသည့် ဒေသများအနက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၃၂ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၂၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဘိန်းစိုက်ခင်း အနိမ့်ဆုံး မြင့်တက်မှုသည် ကချင်ပြည်နယ်ဖြစ်ပြီး ၃ ရာခိုင်နှုန်းရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်းသည် ဘိန်းခင်းအများဆုံးဖြစ်ပြီး ထိုဒေသတွင်ဘိန်းစိုက်ခင်းများ ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ မြန်မာတစ်နိုင်ငံလုံး၏ ဘိန်းစိုက်ခင်းစုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

UNODC ၏ လေ့လာချက်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘိန်းစိုက်ခင်းများကိုလည်း ထည့်သွင်းဖော်ပြခဲ့​ြီး ထိုဒေသတွင် ဘိန်းစိုက်ခင်း ၅၅၂ ဟက်တာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခင်က အာဖဂန်နစ္စတန်မှ ထွက်ရှိသည့် ဘိန်းများကို ရောင်းချနေသည့် နိုင်ငံတကာစျေးကွက်များအတွင်းသို့ မြန်မာနိုင်ငံ၏ ဘိန်းများ အစားထိုးဝင်ရောက်လာသည့် လက္ခဏာများကိုလည်း တွေ့ရကြောင်း UNODC က​ ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ မူးယစ်ဆေးဝါး အေဂျင်စီ (EUDA) ၏ ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ အစောပိုင်းကာလများအတွင်း ထိုင်းမှ ဥရောပသမဂ္ဂသို့ သွားရောက်သည့် ခရီးသည်တင်လေယာဉ်များပေါ်တွင် မြန်မာနိုင်ငံအတွင်းနှင့် အနီးတစ်ဝိုက်တွင် ထုတ်လုပ်ခဲ့သည်ဟု ယူဆရသည့် ဘိန်းဖြူ ၆၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent