မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ မန်ယူအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်နည်းပြ အာနယ်ဆလော့ဟာ နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (၄)ပွဲဆက် ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီအစပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲတွေဆက်ခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်၊ ဂါလာတာစာရေး၊ ချယ်လ်ဆီးနဲ့ မန်ယူတို့ကို နောက်ဆုံး(၄)ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် အာနယ်ဆလော့အတွက် မှတ်တမ်းဆိုး ဖြစ်ခဲ့သလို၊ လီဗာပူးလ်အသင်းအတွက်လည်း နည်းပြ ဘရန်ဒန်ရော်ဂျာစ်ကိုင်တွယ်ခဲ့စဉ် ၂၀၁၄ ခုနှစ်က (၄)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် (၄)ပွဲဆက်အရှုံးနဲ့ ပြန်လည်ကြုံ တွေ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
အာနယ်ဆလော့က လက်ရှိအချိန်မှာ ရှုံးပွဲဆက်မှုကို အဆုံးသတ်ဖို့ဆိုတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း မန်ယူနဲ့ ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။
''ယာဂန်ကလော့ပ်ရဲ့နေရာကို ဆက်ခံခဲ့ချိန်မှာ ရင်ဆိုင်ခဲ့ဖူးသမျှ အကြီးမားဆုံးစိန်ခေါ်မှုလို့ လူတွေက ပြောကြပါတယ်။ အခု (၄)ပွဲဆက် ရှုံးထားတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ဘောလုံးနည်းပြဘဝက စိန်ခေါ်မှုတွေနဲ့ လျှောက်လှမ်းနေရတာပါ။ နိုင်ပွဲတွေရရှိရင် နိုင်ပွဲဆက်အောင် ထိန်းသိမ်းချင်သလို၊ ရှုံးပွဲတွေ ကြုံတွေ့ရင်လည်း နိုင်ပွဲပြန်ရချင်ကြပါတယ်။ လက်ရှိအခြေအနေအတွက် ကစားသမားတွေ ယုံကြည်မှုပျောက်ဆုံးနေပြီလို့လည်း မထင်ပါဘူး။ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ ကျွန်တော်တို့ ရှုံးခဲ့တာပါ'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။















