ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေဟာ ရာသီသစ်မှာ ကျောနံပါတ် (၁၀) ကို ပြောင်းလဲဝတ်ဆင်ဖွယ်ရှိတယ်လို့ စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက PSG အသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီသို့ ပြောင်းရွှေ့လာခဲ့တဲ့ ဘာပေဟာ လက်ရှိမှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်ကစားနေတာပါ။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ (၃၁) ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၄၄) ဂိုးအထိ သွင်းယူခဲ့ပြီး လာလီဂါဂိုးသွင်းဘုရင်ဆု(ပီချီချီ)ကိုသာမက ဥရောပရွှေဖိနပ်ဆု(ESM)ကို ရယူနိုင်ခဲ့တာပါ။
အခုနွေမှာ အသင်းဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ် အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကျောနံပါတ် (၁၀) လစ်လပ်နေတာ ဖြစ်ပါတယ်။
အသက် (၂၆) နှစ်အရွယ် ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး မိုနာကိုအသင်းမှာ ကစားစဉ်ကလည်း ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ခဲ့တာကြောင့် အခု ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း လစ်လပ်နေတဲ့ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီက ကျောနံပါတ် (၉) နဲ့ ဘာပေအမည်ပါ ဂျာစီတွေ များစွာ ရောင်းချခဲ့ရတာကြောင့် အခုအခါ ဘာပေအနေနဲ့ ကျောနံပါတ် (၁၀) ကို ပြောင်းလဲဝတ်ဆင်မယ်ဆိုရင် ဂျာစီပိုရောင်းချနိုင်တာကြောင့် ဘာပေကို ကျောနံပါတ် (၁၀) ပေးဖွယ်ရှိတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။
ဘာပေဟာ လက်ရှိမှာ အားလပ်ရက်အပန်းဖြေခရီးထွက်နေပြီး သြဂုတ်လ (၄) ရက်မှာမှ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လေ့ကျင့်မှုတွေ စတင်ဖွယ်ရှိတယ်လို့ သိရပါတယ်။















