အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဂါဘရီယဲလ်က ဒီနှစ်က အရင်နှစ်တွေနဲ့ မတူကွဲပြားတဲ့နှစ် ဖြစ်လာမယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်ဟာ ၂၀၂၀ ခုနှစ်မှာ လိုင်လီကနေ အာဆင်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။
ဂါဘရီယဲလ်(၂၇ နှစ်)ဟာ အာဆင်နယ်အသင်းနဲ့ လက်တွဲခဲ့တဲ့ (၅)နှစ်တာကာလအတွင်း ကွန်မြူနတီဒိုင်းတစ်ကြိမ်ကလွဲရင် ဆုဖလားအောင်ပွဲ ရယူနိုင်ခြင်းမရှိသေးပေမဲ့ ဆုဖလားတွေ ရရှိလာတော့မယ်လို့ ယုံကြည်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ ဂါဘရီယဲလ်ကို ဆော်ဒီကလပ်တွေနဲ့ သတင်းထွက်ခဲ့ခြင်းနဲ့ ရာသီသစ်အခြေအနေတွေအတွက် မေးမြန်းခဲ့ရာမှာ ဂါဘရီယဲလ်က အခုလို ဖြေခဲ့တာပါ။
''ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်တာတွေ ကျွန်တော် မကြားခဲ့သလို၊ ကမ်းလှမ်းမှုတွေလည်း မရခဲ့ပါဘူး။ လူအတော်များများကတော့ အဲဒီအကြောင်းအရာတွေကို အင်တာနက်မှာ ပြောကြပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းတိုးခဲ့တာပါ။ ကျွန်တော် ဒီအသင်းမှာ (၅)နှစ်ရှိပြီဖြစ်တာကြောင့် အသင်းက ဘယ်လောက်တိုးတက်လာသလဲဆိုတာ သိပါတယ်။ ကျွန်တော် ဆုဖလားတွေ ရယူဖို့ ဒီအသင်းမှာ ရှိနေတာဖြစ်ပြီး ဒီရာသီမှာ ကွဲပြားခြားနားတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဆုဖလားများစွာ လက်ကြားထဲက လွတ်ကျခဲ့ပေမဲ့ ရရှိလုနီးပါး ဖြစ်လာပါပြီ။ ဒီနှစ် ကွဲပြားခြားနားတာတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော် ယုံကြည်မှုအများကြီးရှိပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အရင်နှစ်တွေနဲ့ မတူကွဲပြားတဲ့နှစ် ဖြစ်လာမယ်လို့ ဂါဘရီယဲလ် ပြောကြား
Most Read
Most Recent
15 hours ago















