ဇွန် ၇ ရက်တွင် ကျင်းပမည့် MMA ပြိုင်ပွဲ၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗား ယှဉ်ပြိုင်ထိုးသတ်မည် 

ဇွန် ၇ ရက်တွင် ကျင်းပမည့် MMA ပြိုင်ပွဲ၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗား ယှဉ်ပြိုင်ထိုးသတ်မည် 
Photo: UFC
Photo: UFC
Published 3 June 2025

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ဇွန် ၇ ရက်တွင် ကျင်းပမည့် UFC 316 ပြိုင်ပွဲ၌ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

UFC ပရိုမိုးရှင်းသည် UFC 316 ပြိုင်ပွဲကို လာမည့် ဇွန် ၇ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်ရှိ နီဝက်မြို့တွင် ကျင်းပမည်ဖြစ်သည်။

UFC 316 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၃ ဆိုင်းပါဝင်မည်ဖြစ်ပြီး ဂျိုရှူအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားတို့သည် Preliminary Card ၏ ပွဲစဉ်(၄) ၌ ဖလိုင်းဝိတ်တန်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

UFC ပရိုမိုးရှင်းသည် ဂျိုရှူအာဗန် နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားတို့၏ တွဲဆိုင်းကို ယခင်က စီစဉ်ခဲ့ဖူးသော်လည်း ဘရူနိုဒါဆေးလ်ဗား နုတ်ထွက်သွားသောကြောင့် ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ယခုအခါ UFC ပရို မိုးရှင်းက ယင်းတွဲဆိုင်းကို ပြန်လည်စီစဉ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် UFC ဖလိုင်းဝိတ်တန်း၌ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားမှာ အဆင့်(၁၂)၊ ဂျိုရှူအာဗန်မှာ အဆင့်(၁၄) နေရာတွင် သတ်မှတ်ခံထားရကြောင်း သိရသည်။

ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်သည်  ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၁၅ ပွဲထိုးသတ်ထားရာ ၁၃ ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်သည် UFC နှင့် လက်တွဲပြီးနောက် (၇)ပွဲထိုးသတ်ထားရာ (၆) ပွဲအနိုင်ရရှိထားပြီး တစ်ပွဲသာရှုံးပွဲကြုံတွေ့ထားသည်။

ဂျိုရှူအာဗန်နှင့်ထိုးသတ်မည့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားသည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၂၃ ပွဲထိုးသတ်ထားရာ ၁၄ ပွဲနိုင်၊ ၆ ပွဲရှုံး၊ နှစ်ပွဲသရေကျပြီး တစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံထားရကြောင်း သိရသည်။

ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားသည် UFC နှင့် လက်တွဲပြီးနောက် (၈)ပွဲထိုးသတ်ထားရာ (၄) ပွဲနိုင်၊ (၃) ပွဲရှုံး၊ တစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံထားရသည်။

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်သည် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ 4 oz Fight Club တွင် အထိုင်ချ၍ လေ့ကျင့်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကချင်တိုင်းရင်းသား ၀ါရင့် MMA ဖိုက်တာ အောင်လအန်ဆန်နှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ 

Most Read

Most Recent