ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဘရာဇီးလ်တိုက် စစ်ကစားသမား ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) အလိုရှိနေကြောင်း သိရသည်။
ရိုဒရီဂိုသည် ရီးယဲလ်အသင်းတွင် ၎င်း၏ အခန်းကဏ္ဍ လျော့ကျလာသည့်အတွက် အသင်းမှထွက်ခွာရန် စီစဉ်နေပြီး ယခုနွေတွင် အသင်းပြောင်းရွှေ့နိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။
လက်ရှိတွင် အသက် (၂၄) နှစ်အရွယ်ရှိ ရိုဒရီဂိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က အပြိုင်ကြိုးပမ်းနေကြကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ရိုဒရီဂိုအား ၎င်းတို့ အလိုရှိသည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။
ရိုဒရီဂိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀) တွင် (၁၃) ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။















