PSG တိုက်စစ်ကစားသမား ဒူအီကို လာမယ့်နွေရာသီမှာ မန်ယူအသင်း ခေါ်ယူသင့်တယ်လို့ ဆာဟာ အကြံပြု

PSG တိုက်စစ်ကစားသမား ဒူအီကို လာမယ့်နွေရာသီမှာ မန်ယူအသင်း ခေါ်ယူသင့်တယ်လို့ ဆာဟာ အကြံပြု
Photo: X
Photo: X
Published 17 April 2026

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဆာဟာက မန်ယူအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ PSG တိုက်စစ်ကစားသမား ဒူအီကို ခေါ်ယူသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။

ဒူအီ(၂၀ နှစ်)ဟာ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ရော တောင်ပံကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး PSG အသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေသူပါ။

ဒူအီဟာ ၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုရရှိထားသူဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာပဲ ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပါတယ်။

ဒူအီက ပြင်သစ်ကလပ် ရန်းစ်အသင်းက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီက ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့ ၂၀၂၄ နွေရာသီမှာ PSG အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

PSG အသင်းက ဒူအီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)သုံးစွဲခဲ့ရပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရပါတယ်။

''မန်ယူအသင်းအတွက် ကျွန်တော်ခေါ်ယူချင်တဲ့ ကစားသမားက ဒူအီပါပဲ။ သူက အံ့အားသင့်လောက်တဲ့ အရည်အသွေးရှိသူဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှုနဲ့ လုပ်အားနှုန်းကို ကျွန်တော် တကယ်သဘောကျပါတယ်။ သူ့ရဲ့အလားအလာက အလွန်ကြီးမားပါတယ်။ ဒါကြောင့် သူ့အတွက် ငွေကြေးသုံးစွဲသင့်ပါတယ်။ သူက စီရော်နယ်လ်ဒိုအငယ်စားနဲ့ တူပါတယ်'' လို့ ဆာဟာက ပြောကြားခဲ့ပါတယ်။

ဒူအီရဲ့ လက်ရှိစျေးကွက်တန်ဖိုးက အနိမ့်ဆုံးယူရိုသန်း(၉၀)ရှိပြီး PSG အသင်းက ရောင်းထုတ်ဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။

Most Read

Most Recent