မန္တလေးမြို့တွင် အငြိမ်းစားပါမောက္ခအမျိုးသမီးတစ်ဦးအား အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ရန် မြေကွက်ပြမည်ဟုဆိုကာ လူသတ်ပြီးပစ္စည်းများယူဆောင်သွားသူအား မေလ ၁ ရက်နေ့ နံနက် ၁၀နာရီခန့်က (ယနေ့) ဟဲဟိုးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
" လတ်တလောသူနဲ့ အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်နေတဲ့သူက ကျူးလွန်သွားတာပါ ။ အိမ်ခြံမြေပြပြီးတစ်ခါထဲသတ်လိုက်တာ ။၀တ်ထားတဲ့လက်၀တ်လက်စားရွှေထည်တွေ ၊ပိုက်ဆံတွေအပြင် အိမ်ခြံမြေစာချုပ်တွေကိုလည်း ယူသွားတယ် ။သူက ကျူးလွန်ပြီး မိသားစုလိုက် ရှမ်းပြည်ဘက်ပြေးသွားတာ ။အဆင့်ဆင့်နေရာပြောင်းရင်း နောက်ဆုံးဟဲဟိုးမှာ ဒီကနေ့ပဲ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်"ဟု ရဲတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ဆိုသည်။
ဧပြီလ ၂၇ရက်နေ့က ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမြောင်းဘောင်ဘေး လယ်ကွင်းအတွင်း ဆောက်လုပ်ထားသည့် လူနေထိုင်ခြင်းမရှိသည့် တစ်ထပ်တိုက်အတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာများနှင့် ပုပ်ပွသေဆုံးနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာ၀န်ရှိသူများက စုံစမ်းခဲ့ရာ ဧပြီလ ၂၅ရက်က ပျောက်ဆုံးနေခဲ့သည့် ဒေါ်ထွေးထွေးဆိုသူဖြစ်ကြောင်း သိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အသတ်ခံရမှာ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူဖြစ်ကာ တစ်ဦးထဲနေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားသည့် ဧပြီလ ၂၅နေ့က အိမ်မှ နံနက်၁၀နာရီခွဲခန့်က အိမ်ခြံမြေကြည့်ရန် ထွက်သွားပြီးနောက် ယခုကဲ့သို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ဒေါ်ထွေးထွေးအား သတ်ပြီးပစ္စည်းများယူခဲ့သည့် စိုင်းထွန်းနော(ခ)ကိုစိုင်း (အသက်၂၅နှစ်) အား ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။















