
မူးယစ်-တေးဂီတရုပ်ရှင်ဇာတ်ကား Emilia Perez သည် ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်သည့် စပိန်၏ အော်စကာဆုပေးပွဲနှင့် အဆင့်အတန်းတူညီသော ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး ဥရောပ ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့သည်။
ဆုပေးပွဲရာသီကာလအတွင်း ရုပ်ရှင်သရုပ်ဆောင်များ၏ လူမှုမီဒီယာပို့စ်များနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းဖြစ်သည်။
အဓိက စပိန်ဘာသာစကားပြော Emilia Perez ရုပ်ရှင်သည် မက္ကဆီကို မူးယစ်ရာဇာတစ်ယောက် အမျိုးသမီးအဖြစ် အသွင်ကူးပြောင်းပြီး ရာဇဝတ်မှုများကို ပြန်လည်လုပ်ဆောင်သည့်အကြောင်း ရိုက်ကူးဖော်ပြထားသည့် ရုပ်ရှင်ဖြစ်သည်။
အရှုပ်တော်ပုံများနှင့် မရင်ဆိုင်ရမီ ယင်းရုပ်ရှင်သည် ဇန်နဝါရီလက ရွှေကမ္ဘာလုံးဆု လေးဆု ရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်က ကိန်းရုပ်ရှင်ပွဲတော်တွင် ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့သည်။
ထို့ပြင် ယင်းရုပ်ရှင်သည် အော်စကာဆန်ခါတင်ဆု ၁၃ ခု လျာထားခံရပြီး ပြည်ပဘာသာစကားပြော ရုပ်ရှင်ကားအတွက် စံချိန်တင်ဆန်ခါတင်စာရင်းဝင်ထားခြင်း ဖြစ်သည်။
သို့သော် သရုပ်ဆောင် ကာလာဆိုဖီယာဂတ်စ်ကွန်၏ လူမှုမီဒီယာပို့စ်အဟောင်းများက အရှုပ်တော်ပုံကို ပေါ်ပေါက်စေခဲ့သည်။ ၎င်း၏ပို့စ်များတွင် အစ္စလာမ်ဘာသာ၊ တရုတ်နှင့် အာဖရိကဖွား အမေရိကန်နိုင်ငံသား ဂျော့ဖလွိုက်တို့အကြောင်း ဆိုးဆိုးရွားရွား ဝေဖန်ထားခြင်းဖြစ်သည်။ယင်းပို့စ်များသည် ၎င်း၏ ဂုဏ်သိက္ခာနှင့် ယင်းရုပ်ရှင်၏ အော်စကာဆုရရှိနိုင်သည့်အခွင့်အရေးများကိုလည်း ထိခိုက်စေသည်။
ကာလာဆိုဖီယာဂတ်စ်၏ ထိုပို့စ်များက လူမှုမီဒီယာတွင် ပြန်လည်မပျံ့နှံ့လာခင် ရက်ပိုင်းအလို ဇန်နဝါရီ ၂၄ ရက်တွင် စပိန်ရုပ်ရှင်ထူးချွန်ဆု Goya Awards အတွက် မဲပေးမှု ပိတ်ခဲ့ခြင်းဖြစ်သည်။
ထိုရုပ်ရှင်ဆုပေးပွဲတွင် Emilia Perez သည် ဗြိတိန်-ပိုလန်ရုပ်ရှင် "The Zone of Interest"၊ လက်ဗီးယားရုပ်ရှင် "Flow"၊ အီတလီရုပ်ရှင် "La Chimera" နှင့် ပြင်သစ်ရုပ်ရှင် "The Count of Monte Cristo"တို့ကို ကျော်လွန်ပြီး ဆုရရှိခဲ့ခြင်းဖြစ်သည်။
မက်ဒရစ်မြို့တော်အနီးတွင် နေထိုင်သည့် ဂတ်စ်ကွန်က ဆုပေးပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။