ပြီးခဲ့သည့်နှစ် ၊ အောက်တိုဘာတွင်ကွယ်လွန်ခဲ့သည့် One Direction အဖွဲ့ဝင်လီယမ်ပိန်းအား အမှတ်တရအောက်မေ့သည့်အနေဖြင့် ၎င်း၏အမာခံပရိသတ်များက ဗျူနိုအဲရီးစ်မြို့ရှိ ဗြိတိန်သင်္ချိုင်းအတွင်းတွင် အမှတ်တရခုံတန်းရှည်တစ်ခုကို မတ် ၁၆ ရက်က ပြုလုပ်လိုက်ကြသည်။
လီယမ်သည် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ရှိ CasaSur Palermo ဟိုတယ်၏ သုံးထပ်လသာဆောင်မှ ပြုတ်ကျသေဆုံးခဲ့ပြီး အဖွဲ့ဝင်နိုင်းလ်ဟော်ရန်၏ ရှိုးပွဲကိုအားပေး ရန် အာဂျင်တီးနားသို့ သွားခဲ့ခြင်းဖြစ်သည်။
လီယမ်၏စျာပနကို လန်ဒန်အနောက် မြောက်ဘက်ဘက်ကင်ဟမ်ရှိုင်းယားကောင်တီအတွင်းရှိ အမ်မာရှမ်မြို့လေးတွင်ပြုလုပ်ခဲ့ပြီး မိသားစုဝင်များ ၊ မိတ်ဆွေအပေါင်း အသင်းများအပြင် One Direction အဖွဲ့ဝင်အားလုံးလည်း တက်ရောက်ခဲ့ကြသည်။
ဗြိတိန်ပန်းခြံများနှင့် အများပိုင်နေရာများတွင် ဆုံးပါးသွားသည့်ချစ်သူခင်သူများအတွက် ယခုကဲ့သို့အမှတ်တရခုံတန်းရှည်များ ပြုလုပ်ထားလေ့ရှိကြသည်။ လီယမ်အမှတ်တရခုံတန်းရှည်တွင် One Direction သီချင်းတစ်ပုဒ်ဖြစ်သည့် History မှ စာသားအချို့ကို ဂုဏ်ပြုရေးထိုးထားသည်။
လီယမ်၏ရုပ်အလောင်းကို ယခုဗြိတိန်သချႋုင်းတွင် ခေတ္တထားရှိပြီးမှ မိသားစုဝင်များလက်သို့လွှဲပြောင်းကာ လန်ဒန်သို့ပြန်သယ်စေခဲ့ခြင်းဖြစ်သည်။အာဂျင်တီးနားပရိသတ်များက လီယမ်ပိန်း၏မိသားစုထံစာများ ပေးပို့ရန် အနီရောင်စာတိုက်ပုံးတစ်ခုလည်း ပြုလုပ်ခဲ့ကြသည်။
လီယမ်သည် အသက်ရှိစဉ်အခါက စိတ်ကျန်းမာရေးပြဿနာနှင့် အရက်စွဲမှုပြဿနာတို့ ရင်ဆိုင်နေရကြောင်းကို ထုတ်ပြောဖူးသည်။၎င်းတွင် Girls Aloud ပေါ့ပ် မိန်းကလေးအဆိုတော်အဖွဲ့မှ ရှရယ်ကိုးနှင့် ချစ်သူဖြစ်ပြီးရခဲ့သည့် သားလေးတစ်ဦးရှိသည်။
၂၀၁၆ ခုနှစ်တွင် One Direction အဖွဲ့ရပ်နားကြောင်း ကြေညာလိုက်ပြီးနောက် အဖွဲ့ဝင်အားလုံး တစ်ကိုယ်တော်သီချင်းကိုယ်စီထွက်ခဲ့ကြပြီး လီယမ်ဆုံးပြီးနောက် One Direction အယ်လ်ဘမ်ငါးခုစလုံး UK top 40 စာရင်းထဲသို့ ပြန်ဝင်လာခဲ့သည်။ လီယမ်မရှိတော့သည့်အတွက် ဗြိတိန်ဂီတဆုပေးပွဲတွင် One Direction အဖွဲ့မဖျော်ဖြေခဲ့ပေ။









