၂၀၂၆ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲတွင် ပွဲချိန်ဝက်ဖျော်ဖြေရေးအစီအစဉ် ပထမဆုံးအကြိမ် ပါဝင်လာမည်

၂၀၂၆ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲတွင် ပွဲချိန်ဝက်ဖျော်ဖြေရေးအစီအစဉ် ပထမဆုံးအကြိမ် ပါဝင်လာမည်
Published 7 March 2025

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲတွင် Super Bowl ပုံစံ ပွဲချိန်ဝက်ဖျော်ဖြေမှုကို ပထမဆုံးအကြိမ် ထည့်သွင်းတင်ဆက်သွားမည်ဖြစ်ပြီး ပါဝင်ဖျော်ဖြေမည့်အဆိုတော်များကို ကိုးပလေးဗြိတိန်ရော့ခ်ဂီတအဖွဲ့က ဖီဖာ နှင့် ပူးပေါင်းပြီး ကူညီရွေးချယ်ပေးသွားမည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ကနေဒါနှင့် မက္ကဆီကိုတို့က အိမ်ရှင်နိုင်ငံများအဖြစ် ပူးတွဲဆောင်ရွက်မည် ဖြစ်ပြီး ဖိုင်နယ်ပွဲကို ၂၀၂၆ ခုနှစ် ၊ ဇူလိုင် ၁၉ ရက်တွင် အမေရိကန်၊ နယူးဂျာစီပြည်နယ်ရှိ MetLife အားကစား ကွင်းတွင် ကျင်းပသွားမည်။ ယခင်ကကမ္ဘာ့ဖလား ဖိုင်နယ်ပွဲများတွင် ပွဲချိန်ဝက်ဖျော်ဖြေမှုဟူ၍ မရှိခဲ့ဖူးပေ။

ဖီဖာဥက္ကဌ ဂျာနီအင်ဖန်တီနိုကြေညာချက်အရ လာမည့်ကမ္ဘာ့ဖလားဖိုင်နယ် ပွဲချိန်ဝက် ၁၅ မိနစ်နားချိန်အတွင်း ဖျော်ဖြေမည့် အဆိုတော်များကို ကိုးပလေးအဖွဲ့ခေါင်းဆောင် ခရစ္စမာတင်နှင့် ကိုးပလေးမန်နေဂျာ ဖီလ်ဟာဗီတို့က ရွေးချယ်ပေးမည်ဖြစ်သည်။

“နယူးဂျာစီပြည်နယ်မှာကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလားဖိုင်နယ်မှာ ပွဲချိန်ဝက် ဖျော်ဖြေရေးအစီအစဉ်  ပထမဆုံးအကြိမ် ပါလာပါမယ်။ ဖီဖာကမ္ဘာ့ဖလားအတွက်လည်း သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်ပါလိမ့် မယ်” ဟု အင်ဖန်တီနိုက အင်စတာဂရမ်တွင် ပို့စ်တင်ကြေညာထားသည်။

ပုံမှန် NFL ဘောလုံးပွဲများတွင် ပွဲချိန်ဝက် ဖျော်ဖြေမှုက ၁၅ မိနစ်ဝန်းကျင် ကြာတတ်ပြီး နောက်ဆုံးဖိုင်နယ်ဖြစ်သည့် Super Bowl တွင် စတိတ်စင်ပြင်ဆင်မှု ၊ ပြန်ဖျက်မှုများအတွက် ပွဲချိန်ဝက်တင်ဆက်မှုကို မိနစ် ၃၀ အထိ အချိန်ပိုပေးတတ်သည်။

နယူးအော်လင်းမြို့တွင် ပြုလုပ်သည့် ယခုနှစ် Super Bowl ပွဲချိန်ဝက်တင်ဆက်မှုတွင် ရက်ပ်အဆိုတော် ကန်းဒရစ်လာမာက ဖျော်ဖြေခဲ့ပြီး ထိုထုတ်လွှင့်မှုကို အမေရိကန်နိုင်ငံတစ်ဝန်း ကြည့်ရှုသူ ၁၃၃ သန်းခွဲ ရှိခဲ့ကာ ၁၉၉၃ ခုနှစ်က မိုက်ကယ်ဂျက်ဆင် ဖျော်ဖြေစဉ်က ကြည့်ခဲ့သည့် ပရိသတ်စံချိန်ကို ကျော်ခဲ့သည်။

လက်ရှိဖျော်ဖြေပွဲများအနက် Super Bowl ဖျော်ဖြေပွဲက အကြီးမားဆုံး ဂီတပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ရှုပ်ထွေးသည့် ပြင်ဆင်မှုများ၊ နည်းပညာများကြောင့် ကုန်ကျစရိတ် မြင့်လှသည်။

ရီဟားနား၊ ဘီယွန်းဆေးနှင့် လေဒီဂါဂါတို့လည်း Super Bowl တွင် ဖျော်ဖြေခဲ့ကြပြီးဖြစ်ကာ ကိုးပလေး၏ ၂၀၁၆ ခုနှစ် Super Bowl တင်ဆက်မှုတွင် ဘီယွန်းဆေးနှင့် ဘရူနိုမားစ်တို့လည်း ပါဝင်ခဲ့သည်။

Most Read

Most Recent