၂၀၂၄ ခုနှစ်အတွက် Person of the Year အဖြစ် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ကို တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်လိုက်သည်။ ထိုသတင်းကို တိုင်းမ်မဂ္ဂဇင်းက X လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်းက ကြေညာသည်။
တိုင်းမ်မဂ္ဂဇင်းက ၁၉၂၇ ခုနှစ်တွင်စတင်ကာ နှစ်စဉ်ပေးအပ်လာသည့်ဆုဖြစ်ပြီး တစ်နှစ်တာအတွင်း လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်သည်။ကမ္ဘာ့ခေါင်းဆောင်များမှအစ အနုပညာနယ်ပယ်မှထင်ရှားသူများအဆုံး ရွေးချယ်ခံရပြီး ၂၀၂၃ ခုနှစ်အတွက် Person of the Year အဖြစ် တေလာဆွစ်ကိုရွေးချယ်ခဲ့သည်။ ဆွစ်သည်ဂီတနယ်ပယ်တွင် ယင်းသို့အသိအမှတ်ပြုခံရသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။
ထရန့်က Person of the Year ဆုကို နှစ်ကြိမ်မြောက်ရခြင်းဖြစ်ပြီး ပထမတစ်ကြိမ်က ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်ဖြစ်သည်။ အမေရိကန်သမ္မတဟောင်းအိုဘားမားက ၂၀၀၈ ခုနှစ်တွင်တစ်ကြိမ် ၊ ၂၀၁၂ ခုနှစ်တွင်တစ်ကြိမ် Person of the Year ဆုရထားသည်။ အမေရိကန်သမ္မတများထဲ ယင်းဆုကို သမ္မတ ဖရန်ကလင်ဒီ.ရူဆဗတ်က သုံးကြိမ်ရခဲ့သည်။ ၁၉၃၂ ၊ ၁၉၃၄ နှင့် ၁၉၄၁ ခုနှစ်တို့တွင်ဖြစ်သည်။
ရာသီဥတုအရေးတက်ကြွလှုပ်ရှားသည့် ဆွီဒင်နိုင်ငံသူ ဂရတ်တာသန်းဘတ်၊ မက်တာစီအီးအို မာ့ခ်ဇက်ကာဘတ် ၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် ယူကရိန်းသမ္မတဇယ်လန်းစကီးတို့လည်း တိုင်းမ်၏ Person of the Year ဖြစ်ခဲ့ကြသည်။
ဆုရှင်ကို တိုင်းမ်မဂ္ဂဇင်းအယ်ဒီတာများက နောက်ဆုံးဆုံးဖြတ်ပြီး ယခုနှစ်အတွက် Person of the year ဆုကို လက်ရှိအမေရိကန်ဒုတိယသမ္မတ ကမ်မလာဟဲရစ်၊ ဝေလနယ်စား ဗြိတိန်တော်ဝင်မင်းသားဝီလျံ၏ဇနီး ကင်ဆာရောဂါခံစားနေရသူ ကတ်သရင်း ၊ တက်စ်လာလျှပ်စစ်ကားကုမ္ပဏီစီအီးအို အီလွန်မတ်စ်အပါအဝင် ဆန်ခါတင် ၁၀ ဦးထဲမှ ရွေးချယ်ခဲ့သည်။
■Ref: TODAY
■Photos: TODAY














