ဒီအာကွန်ဂိုတွင် ကလေးများကို mpox ရောဂါကူးစက်ခံရမှုမှ ကာကွယ်ရန် UNICEF က အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

ဒီအာကွန်ဂိုတွင် ကလေးများကို mpox ရောဂါကူးစက်ခံရမှုမှ ကာကွယ်ရန် UNICEF က အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ
စက်တင်ဘာ ၆ ရက်က ဒီအာကွန်ဂိုရှိ အထွေထွေဆေးရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးက အာဟာရချို့တဲ့ နေသည့် ၎င်း၏ကလေးကို အာဟာရနို့တိုက်နေစဉ်(Photo:UNICEF)
စက်တင်ဘာ ၆ ရက်က ဒီအာကွန်ဂိုရှိ အထွေထွေဆေးရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးက အာဟာရချို့တဲ့ နေသည့် ၎င်း၏ကလေးကို အာဟာရနို့တိုက်နေစဉ်(Photo:UNICEF)
Published 14 September 2024

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို)တစ်ဝန်းတွင် mpox ကူးစက်မှုဖြစ်စဉ်များ ပိုမိုမြင့်တက်လာချိန်တွင် UNICEF က အသက် ၁၅ နှစ်အောက် ကလေးများ၏ အသက်များကို ကာကွယ်ရန် အစိုးရကို ၎င်း၏ ထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ခဲ့သည်ဟု သိရသည်။

ဒီအာကွန်ဂိုတွင် ယခုနှစ်အတွင်း mpox ကူးစက်မှုသံသယဖြစ်စဉ်များ၏ ၆၀ ရာခိုင်နှုန်းခန့်နှင့် သေဆုံးသူများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသက် ၁၅ နှစ်အောက်အရွယ်များ ဖြစ်သည်။

၂၀၂၄ ခုနှစ်နှစ်အစပိုင်းမှ သြဂုတ် ၃၁ ရက်အထိ ဒီအာကွန်ဂိုတွင် mpox အတည်ပြုဖြစ်စဉ် ၅၀၀၀ ကျော်နှင့် ရောဂါကြောင်းသေဆုံးသူ ၇၀၀ ကျော်ရှိကာ ကူးစက်မှုသံသယဖြစ်စဉ် ၂၁,၀၀၀ ကျော်ရှိသည်။

“လွန်ခဲ့တဲ့အပတ်က ကျွန်မတောင်ကီဗူးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စင်တာဆီသွားရောက်ပြီး ကလေးတွေအတွက် မြေပြင်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ကျွန်မတို့အဖွဲ့တွေရဲ့  လုပ်ဆောင်ချက်တွေကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုခဲ့ပါတယ်”ဟု UNICEF ဒီအာကွန်ဂို လက်ထောက်ကိုယ်စားလှယ် ဒေါက်တာမာရီယာ မီဆယ်လာက ပြောပြခဲ့သည်။

“ကျွန်မမြင်တွေ့ခဲ့ရတာကတော့ mpox ကူးစက်ခံထားရတဲ့ ကလေးမိခင်တစ်ယောက်ပါ။ သူဗိုင်းရပ်စ် ကူးစက်ခံထားရတာကို သိသိချင်း သူ့ရဲ့ခြောက်လအရွယ်သမီးဖြစ်သူအတွက် လိုအပ်တဲ့အခမဲ့ကုသမှုတွေကို အမြန်ဆုံးရယူခဲ့ပါတယ်။ဒါပေမဲ့ ကူးစက်မှုတွေ မြင့်တက်နေပြီး လိုအပ်ချက်တွေ မြင့်တက်နေတဲ့အတွက် ကျွန်မတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ပိုမိုတိုးမြှင့်ဖို့ လိုအပ်ပါတယ်။အဲဒါမှသာ ကလေးတွေအားလုံး သူတို့လိုအပ်နေတဲ့ အသက်ကယ်စောင့်ရှောက်မှုတွေကို ရရှိနိုင် မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်ကျော်က UNICEF သည် စုစုပေါင်း mpox ကာကွယ်ဆေး အလုံးရေ ၂၁၅,၀၀၀ ကျော်၏ ပထမအ သုတ်ကို ရရှိခဲ့သည်။နောက်ထပ်သင်္ဘောဖြင့် ကာကွယ်ဆေးအများအပြားသည် မကြာမီ ထပ်မံရောက်ရှိလာလိမ့်မည်ဟု မျှော်မှန်းထားကြသည်။

ထိုစဉ် UNICEF သည်ဆက်စပ်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးမှတစ်ဆင့် ကာကွယ်ဆေး ဖြန့်ချိထိုးနှံမှုများကို ကူညီပေးနေသည့်အပြင် သယ်ယူပို့ဆောင်ရေး၊သိုလှောင်ရေးနှင့် လူနာများကို ကာကွယ်ဆေး ထိုးနှံရေးများကို ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟု ဆိုသည်။

ဒီအာကွန်ဂိုအစိုးရ၊ WHO နှင့် အာဖရိက CDC တို့နှင့်အတူ တွဲဖက်ဆောင်ရွက်နေသည့် UNICEF သည်ကူးစက်မှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး၊ အန္တရာယ်ဖြစ်နိုင်ခြေရှိသော အသိုက်အဝန်းများနှင့် ရပ်ရွာများတွင် ကိုင်တွယ်ဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ အာဟာရ၊ စိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများအပြင် လုပ်ငန်းဆိုင်ရာ သုတေသနများ ကိုလည်း ဦးဆောင်ပြုလုပ်လျက်ရှိသည်။

လတ်တလောလများအတွင်း UNICEF သည် ရပ်ရွာအခြေပြု စစ်ဆေးကြည့်ရှုခြင်း၊ ကျန်းမာရေးဝန်ထမ်း အယောက် ၂၀၀ ကျော်၊ ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် အယောက် ၁ဝဝကျော်နှင့် ရပ်ရွာထိတွေ့ ဆောင်ရွက်မှုအဖွဲ့၂၀၀ ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ရပ်ရွာလုပ်သား ၆၀၀၀ ကျော်ကို ဖြန့်ကြက်ထားကာ ပြည်သူ့ကျန်းမာရေးသတင်း စကားထုတ်လွှင့်ရန် ဒေသတွင်းရှိ ရေဒီယိုဌာန ၃၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

UNICEF သည် မီတီမာဟီဆာ ကျန်းမာရေးဇုန်အတွင်းရှိ ကာဗူမူနှင့် အဲလ်ဝီရိုအပါအဝင် ကျန်းမာရေးစင်တာများတွင် mpox ကုသရေးနှင့် သီးခြားခွဲထားရှိရေးယူနစ်များကို တည်ထောင်ပေးကာ အခမဲ့ကုသမှုများ လုပ်ဆောင်ပေးနေသည်။

Ref:reliefweb

Most Read

Most Recent