ဝန်ထမ်းများကို အလုပ်ချိန်ပြင်ပ ခိုင်းစေခြင်းအား တရားဝင်ငြင်းပိုင်ခွင့်ပြုသည့် ဥပဒေကို သြစတြေးလျ ပြဋ္ဌာန်း

ဝန်ထမ်းများကို အလုပ်ချိန်ပြင်ပ ခိုင်းစေခြင်းအား တရားဝင်ငြင်းပိုင်ခွင့်ပြုသည့် ဥပဒေကို သြစတြေးလျ ပြဋ္ဌာန်း
အလုပ်ချိန်ပြင်ပ၌ အလုပ်လုပ်နေသော အမျိုးသမီးဝန်ထမ်းကို ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်က မဲလ်ဘုန်းမြို့၌ ရိုက်ထားသောဓာတ်ပုံတွင် တွေ့ရစဉ်(Photo:AFP)
အလုပ်ချိန်ပြင်ပ၌ အလုပ်လုပ်နေသော အမျိုးသမီးဝန်ထမ်းကို ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်က မဲလ်ဘုန်းမြို့၌ ရိုက်ထားသောဓာတ်ပုံတွင် တွေ့ရစဉ်(Photo:AFP)
Published 27 August 2024

သြစတြေးလျသည် သြဂုတ် ၂၆ ရက်တွင် အလုပ်သမားသန်းပေါင်းများစွာကို အလုပ်ချိန်ပြင်ပ ခိုင်းစေခြင်းအားတရားဝင်  ငြင်းပိုင်ခွင့်ပြုလိုက်ပြီဖြစ်ရာ ၎င်းတို့သည်  အလုပ်ချိန်ပြင်ပတွင် အလုပ်ရှင်များ၏ ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များ၊ စာသားတိုပေးပို့မှုများကို မသိကျိုးကျွန်ပြုခွင့် ရရှိသွားပြီ ဖြစ်သည်။

ထိုသို့ငြင်းပယ်မှုသည် ကျိုးကြောင်းဆီလျှော်မှုမရှိဟု မှတ်ယူမည်ဆိုပါက ၎င်းတို့သည် အလုပ်ချိန်ပြင်ပတွင် ၎င်းတို့ကို၎င်း တို့အလုပ်ရှင်များ၏ ဆက်သွယ်ရန် ကြိုးပမ်းမှုများအား စောင့်ကြည့်ခြင်း၊ ဖတ်ခြင်း၊ တုံ့ပြန် ခြင်းတို့ကို ယခုအခါ ငြင်းပယ်နိုင်ပြီဖြစ်သည်။

သမဂ္ဂများက ထိုဥပဒေကို ကြိုဆိုခဲ့ကြပြီး ၎င်းသည် အလုပ်သမားများအနေဖြင့် အလုပ်-ဘဝ ဟန်ချက် အချို့ကို ပြန်လည် တောင်းယူရန် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့ဟာ အလုပ်လုပ်နေတဲ့ လူတွေအတွက် သမိုင်းဝင်နေ့ဖြစ်ပါတယ်”ဟု သြစတြေးလျ ကုန်သွယ်ရေး သမဂ္ဂများကောင်စီ၏ ဥက္ကဋ္ဌ မီရှယ်အိုနေးလ်က ပြောကြားခဲ့သည်။

“သြစတြေးလျသမဂ္ဂတွေဟာ အလုပ်ဆင်းပြီးနောက် အခွင့်အရေးတွေကို တောင်းဆိုထားပြီးဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဆစ်ဒနီ လမ်းများပေါ်တွင် လူတို့သည် ထိုအပြောင်းအလဲကို ကြိုဆိုခဲ့ကြပုံပေါ်သည်။

“ကျွန်မဟာ အလုပ်ဆင်းပြီးရင် အလုပ်နဲ့အဆက်ဖြတ်ထားဖို့ တော်တော်လေး အခက်အခဲကြုံနေရသူပါ။ ကွန်ပျူတာဖွင့်ဖို့  မလိုအပ်နိုင်တဲ့ အနေအထားမျိုးမှာတောင် ကျွန်မရဲ့ဦးနှောက်ဟာ အချိန်ပို အလုပ်ကို အဆက်မပြတ် လုပ်နေရတာဖြစ်ပါတယ်”ဟု ကာရိုလီနာဂျိုဆီစကီက အေအက်ဖ်ပီကို ပြောသည်။

“ဒါကြောင့် အလုပ်ချိန်ပြင်ပမှာ ကျွန်မအလုပ်ရှင်ရဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ အထောက်အကူမပြုဘူးဆိုတာ သေချာပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

သို့ရာတွင် သြစတြေးလျလုပ်ငန်းကြီးတစ်ခုကမူ ထိုအပြောင်းအလဲကို သဘောမကျဟု ဆိုသည်။

“အလုပ်ချိန်ပြင်ပ ခိုင်းစေတာတွေကို ငြင်းပယ်ခွင့်ပေးတဲ့ ဥပဒေဟာ မြန်မြန်ဆန်ဆန် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။  အတွေးတိမ်ပြီး တကယ့်ရှုပ်ထွေးစရာ ဥပဒေဖြစ်ပါတယ်”ဟု သြစတြေးလျ စက်မှုလုပ်ငန်း အုပ်စုက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“အခုတော့ အလုပ်ပိုတွေ ခိုင်းတဲ့အခါမှာ အလုပ်ချိန်ပြင်ပ ဖုန်းခေါ်ရမလား၊ ဖုန်းမခေါ်ရဘူးလား ဆိုတာနဲ့ပတ်သက်လို့ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ အခု မရေမရာ ဖြစ်နေကြပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ ဥပဒေသည် ဥရောပနိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံတို့က ဥပဒေများနှင့် ဆင်တူနေသည်။

အလုပ်ချိန်ပြင်ပတွင် အလုပ်နှင့်ဆက်သွယ်ခွင့်မရှိခြင်းက ဝန်ထမ်းများကို အကျိုးအမြတ်ရှိစေသည်ကို သုတေသနတစ်ခုတွင် ဖော်ပြထားကြောင်း ဆစ်ဒနီတက္ကသိုလ်၏ တွဲဖက်ပါမောက္ခ ခရစ်ရိုက်က ပြောကြားခဲ့ သည်။

ဥရောပသမဂ္ဂ(အီးယူ) ကုမ္ပဏီများတွင် အလုပ်လုပ်နေသော ဝန်ထမ်း ၇၀ ရာခိုင်နှုန်းကျော်သည် အလုပ်ချိန်ပြင်ပ ခိုင်းစေခြင်းများကို ငြင်းပယ်ခွင့်ရှိနေခြင်းက အပြုသဘောဆောင်သော သက်ရောက်မှုများရှိနေသည်ဟု  ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ခုက ဆိုပါသည်။ အဆိုပါ လေ့လာချက်ကို အီးယူနှင့်ဆက်စပ်နေသော Eurofound က လုပ်ဆောင်ထားခြင်းဖြစ် သည်။

ဆမတ်ဖုန်းများနှင့်အခြားဒစ်ဂျစ်တယ် ကိရိယာတို့က ဝန်ထမ်းများကို အလုပ်ရှင်နှင့် ဆက်သွယ်နိုင်သည့် အနေအထားဖြစ်လာစေသောကြောင့် ၎င်းဝန်ထမ်းတို့သည် ၂၄ နာရီလုံး အလုပ်လုပ်နေသော သူလိုဖြစ်လာသည်ဟု ခရစ်ရိုက်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

Ref:AFP

                                                          

Most Read

Most Recent