ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများရှိနေ

ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများရှိနေ
Published 13 September 2024

ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများရှိနေကြောင်း သိရသည်။

ကလောမြို့တွင် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှ စတင်ကာ မိုးရွာသွန်းမှုများလာသဖြင့် ကလောချောင်းရေမြင့်တက်လာခဲ့ပြီး ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။

“ဒီတစ်ခါ အသေအပျောက်တွေရှိရတဲ့ အကြောင်းရင်းက လူကြီးသူမတွေက နှစ်တိုင်းတက်နေကျပါအေဆိုပြီး ရွှေ့ခိုင်းမရလို့များတယ်တဲ့၊ ရေတက်အရမ်းမြန်တာမို့ ဘာမှလုပ်ချိန်မရပါဘူးတဲ့၊ ခုတော့ ဖုန်းလိုင်းတချို့ပြန်ရပြီ ပြောပါတယ်။ မီးမလာတော့ အားကုန်နေကြတယ်၊ MPT တွေတော့ရတယ် အသံတော့သိပ်မကြည်ပါဘူး။ စားသောက်ဖို့ကလည်း ဆိုင်တွေအကုန်မြှုပ်တော့ ရောင်းပေးနိုင်တဲ့ဆိုင် သိပ်မရှိဘူးပြောပါတယ်။ ကိုကြည်မြင့်ဆိုင်ထိရေတက်ထားတာမို့လေ။ အချင်းချင်းကူလို့ရသမျှတော့ ကူနေကြပါတယ်တဲ့ လမ်းတွေလည်း စရှင်းနေကြပြီပြောပါတယ်”ဟု ကလောမြို့၏ အခြေအနေနှင့် ပတ်သက်ပြီး Thin Zar Htet ဟုဆိုသည့် လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိတွင် ကလောမြို့ဒေသခံအချို့နှင့် နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရနေအိမ်အချို့မှာ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။

လူသေဆုံးမှုများနှင့် ပတ်သက်ပြီး ကလောမြို့ဒေသခံလူမှုကူညီရေး အသင်းအချို့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိသဖြင့် The Daily Eleven သတင်းစာအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ငယ်စဉ်က ရေကြီးခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း ယခုအ‌ခြေအနေမှာ အဆိုးဆုံးဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီမှ ဦးနန္နာလှမြင့်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့ပြင် ကလောမြို့ မောမြေဦးပန်းခြံ၊ အထက ၁၊ မြို့နယ်ခန်းမ၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ကလောဘူတာနှင့် တောင်ကြီးအသွားလမ်းနှင့် အင်ပြင်တို့တွင်လည်း တောင်ကျရေများ‌ကြောင့် ကလောချောင်းရေလျှံမှု ဖြစ်ကာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent