ရေဘေးကူညီရန် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်မည်ဟု ထွန်းထွန်းမင်း ပြော

ရေဘေးကူညီရန် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်မည်ဟု ထွန်းထွန်းမင်း ပြော
Published 12 September 2024

နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည့် ရေဘေးကူညီရန် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်မည်ဟု ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ပြောကြားသည်။

"ကျွန်တော့ဘဝမှာ ပထမဦးဆုံးရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေးဘေးသင့်နေကြတဲ့ ပြည်သူများအတွက် လေလံတင်ပြီးရောင်းချပေးသွားမှာပါ၊ ဒီခါးပတ်ကို ရရှိဖို့ကျွန်တော့ရဲ့ အသက်နဲ့ ရင်းပြီးကြိုးစားခဲ့သလို ကျွန်တော် တန်ဖိုးထားမြတ်နိုးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေနဲ့ ယှဉ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး၊ဒါ့ကြောင့် ကျွန်တော့ အနေနဲ့ ဒီ ခါးပတ်ရဲ့ လေလံပွဲလေးကို ကျင်းပပြု လုပ်ခဲ့တာ ဖြစ်ပါတယ်" ဟု ထွန်းထွန်းမင်းက လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးသည်။

လေလံပွဲမှ ရရှိသည့်ငွေကြေးကို  တစ်ပြားတစ်ချပ်မှ သုံးစွဲမည်မဟုတ်ဘဲ ရေဘေးအတွက် အကုန်လှူဒါန်းမည်ဟု ထွန်းထွန်းမင်းက ‌ပြောကြားသည်။

ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့တွင် နေအိမ်ခေါင်မိုးများပေါ်တွင် တက်​နေရသူများ၊ ​သစ်ပင်များပေါ်သို့ တက်နေရသူများ ရှိနေသလို ရေစီးနှင့်မျောပါသွားသူအချို့လည်း ရှိနေကြောင်း လူမှုကွန်ရက်တွင် အကူအညီ တောင်းခံထားမှုများအရ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းနှင့် ပေါင်းလောင်း မြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်၊ ပုပ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent