မိုးရက်ဆက်ရွာသွန်းပြီး သောင်းရင်းမြစ်ရေ ပြည့်လျှံလာခြင်းကြောင့် မြဝတီအနိမ့်ပိုင်းရပ်ကွက်များ ဒုတိယအကြိမ် ရေနစ်မြုပ်

မိုးရက်ဆက်ရွာသွန်းပြီး သောင်းရင်းမြစ်ရေ ပြည့်လျှံလာခြင်းကြောင့် မြဝတီအနိမ့်ပိုင်းရပ်ကွက်များ ဒုတိယအကြိမ် ရေနစ်မြုပ်
Published 10 September 2024

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် စက်တင်ဘာ ၇ ရက်မှစတင်ကာ မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် စက်တင်ဘာ ၁၀ ရက်တွင် သောင်ရင်းမြစ်ရေ ပြည့်လျှံလာကာ မြဝတီမြို့အနိမ့်ပိုင်းရပ်ကွက်များ ဒုတိယအကြိမ်ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

သောင်ရင်းမြစ်ရေမြင့်တက်ကာ မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ ရေနစ်မြုပ်သလို  မြို့တွင်ရပ်ကွက်အချို့နှင့် လမ်းအချို့တွင် ရေနှုတ်မြောင်းစနစ်၊ ရေထွက်ပေါက်မရှိခြင်းကြောင့် နတ်သျှင်နောင်လမ်း မီးသတ်ရုံးအရှေ့၊ အထက ၁ ကျောင်းအနောက်လမ်းတို့တွင် ယာဉ်သွားလာရခက်ခဲပြီး နေအိမ်များ၊စျေးဆိုင်များ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ် ဒေါနတောင်တန်း မဲကလာချောင်း၊ ဝေါလေချောင်း၊ ဂေါလီချောင်းတို့မှ တောင်ကျချောင်းရေသည်သောင်ရင်းမြစ်ထဲသို့ စီးဝင်ပြီး မြစ်ရေမြင့်တက်လာခဲ့ကာ စက်တင်ဘာ ၁၀ ရက် နံနက်က အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် အမှတ် ၄ ရပ်ကွက် ကျောက်ဖျာဂိတ်၊ သရက်ပင်ဂိတ်၊ အမှတ် ၅ ရပ်ကွက် သဲပုံဆိပ်၊ အမှတ် ၂ ရပ်ကွက်၊ ခွန်ဆာဝင်းအောက်ချိုင့် ရှိနေအ်ိမ်များ ရေဝင်ရောက်လျက်ရှိသလို အမှတ် ၃ ရပ်ကွက်ကြံခင်း၊ မိုးကုတ်စက်ဝိုင်း ဘုန်းတော်ကြီးကျောင်းအနီး ပတ်ဝန်းကျင်သို့ ရေဝင်ရောက်လျက်ရှိသည်။

အမှတ် ၅ ရပ်ကွက် သရက်ပင်ဂိတ်အနီးနေသူတစ်ဦးက “ဒီနေ့မနက်မှ ရေတက်လာတာပါ၊ အိမ်အောက်ထပ်တော့ မြုပ်နေပြီ၊ ပထမအကြိမ်လောက်တော့ မများလောက်ဘူးထင်ပါတယ်၊ ဒီအောက်ချိုင့်က လူတွေကတော့ ဓမ္မာရုံမှာသွားရှောင်နေကြပါပြီ” ဟု ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ပူးပေါင်းပြီး အနိမ့်ပ်ိုင်းနေသူများကို ရေလွတ်ရာ သို့ပို့ဆောင်ပေးလျက်ရှိပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်ကလည်း မိုးရွာသွန်းပြီး သောင်ရင်းမြစ်ရေမြင့်တက်ကာ မြို့တွင်းနေရာတော်တော်များများ ရေလွှမ်းမိုးခဲ့သည်။

Most Read

Most Recent