မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေ

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေ
Published 10 September 2024

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း တာချီလိတ်ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းမှစတင်ကာ တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မီးများလည်း ပြတ်တောက်လျက်ရှိသည်ဟု သိရသည်။

“လောလောဆယ် ဖုန်းလိုင်းကလည်း မကောင်းဘူး။ ကျွန်တော်တို့အသေးစိတ်မပြောနိုင်သေးပါဘူး။ ရေကတော့ တက်နေတုန်းပဲ” ဟု တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် တာချီလိတ်မြို့ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၁ အထိ ရေများတက်လာသည်ကို ဒေသခံများ၏ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထားချက်များအရ သိရသည်။

အလားတူ တာချီလိတ်မြို့ရှိ မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်း၊ မယ်ခေါင်ရပ်ကွက်အနောက်ပိုင်း ရွှေမြေသာယာ(လာဟူဈေး)ဈေးမှ ဝိန်းကျောက်(တော်ကော့)ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက် အစရှိသည့်နေရာများတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေမှာ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာအုပ်စု) တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးလက်မခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း တစ်ပေခွဲခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ယင်းကြောင့် တာချီလိတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အရှေ့ဘက်ရှိ လေပွေလှိုင်းနှင့်အတူ ဝင်ရောက်လာသည့် မိုးတိမ်များကြောင့် စက်တင်ဘာ ၁၀ ရက်ညပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ နောင်တရား၊ ပင်းတယ၊ ဆီဆိုင်၊ ဖယ်ခုံ၊ ပင်လောင်း အစရှိသည့် မြို့နယ်များတွင် မိုးများနိုင်ကြောင်း၊ ၂၄ နာရီအတွင်းမှာ မိုးရေချိန် ၁၃၀ မီလီမီတာ (၅ လက်မနှင့်အထက်) ရွာသွန်းနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောကြားသည်။

အလားတူ မန္တလေးတိုင်း - ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သဲတော+ဝမ်းတွင်း၊ မလှိုင်၊ မြင်းခြံ၊ တောာင်သာ၊ နထိုးကြီး၊ မြစ်သား၊ ကျောက်ဆည် ဒေသများ၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ ကံမ၊ မြိုင်၊ ပုဂံညောင်ဦးအစရှိသည့် ဒေသများတွင် မိုးများနိုင်ကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

ယင်းကြောင့် အဆိုပါဒေသများတွင် တောင်ကျချောင်းရေရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တပျက်ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်ခြင်းစသည့် သဘာဝဘေးများဖြစ်ပွားနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ဦးဝင်းနိုင်က အသိပေးထားသည်။

 

Most Read

Most Recent