■ ၂၀၂၄-၂၅ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၄-၂၅ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Sports Desk
Photo: Sports Desk
Published 10 September 2024

♦ နယ်သာလန် - ဂျာမနီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

‌နောက်ဆုံးကစားခဲ့တဲ့ ခြေစွမ်းပွဲမှာ နာဂယ်စ်မန်းရဲ့ ဂျာမနီက နယ်သာလန်ကို အနိုင်ရထားတယ်။ လက်ရှိအချိန်မှာလည်း နာဂယ်စ်မန်းရဲ့အသင်းက အကောင်းဆုံးပုံစံမှာရှိနေတာကို တွေ့ရတယ်။ နယ်သာလန်လည်း ပုံစံကောင်းမှာ ရှိနေပေမယ့် ဟန်ဂေရီကို ၅ ဂိုးသွင်းခဲ့တဲ့ပွဲက ဂျာမနီရဲ့ခြေစွမ်းက တော်တော်လေးအထင်ကြီးစရာပါ။ ဒီပွဲက နယ်သာလန်မြေပေါ်မှာ ကစားရမှာဆိုပေမယ့် ဂျာမနီရဲ့လက်ရှိခြေစွမ်းနဲ့ဆိုရင် နယ်သာလန်မြေပေါ်မှာလည်း စိုးရိမ်စရာမရှိပါဘူး။ ဂျာမနီကို ကြိုက်တယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး (၂)သင်းပေါင်း သွင်းဂိုးများနိုင်တယ်။

♦ အင်္ဂလန် - ဖင်လန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

လီကာစလေက အင်္ဂလန် ယာယီနည်းပြဘဝ ပထမဆုံးပွဲမှာ အိုင်ယာလန်ကို အနိုင်ကစားသွားခဲ့တယ်။ အိုင်ယာလန်နဲ့ ကစားခဲ့တဲ့ပွဲတုန်းက လီကာစလေက ဂရီးလစ်ရှ်ကို ကွင်းလယ်မှာ ထားကစားသွားခဲ့တယ်။ No.8 Role မှာ ဂရီးလစ်ရှ်ရဲ့ပုံစံက တော်တော်လေး သက်သောင့်သက်သာရှိခဲ့ပြီး တစ်ခါတလေ အလယ်ကို ဝင်လာပြီး ကစားသွားတာလည်း တွေ့ရတယ်။ မိန်နူး၊ ဒက်ကလန်ရိုက်စ်တို့လည်း ကွင်းလယ်ကစားပုံကောင်းတယ်။ ဒီပွဲလည်း အင်္ဂလန်အတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်မှာပါ။

♦ ဟန်ဂေရီ - ဘော့စနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

‌လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် ဆိုဘိုဆလိုင်း ဦးဆောင်နေတဲ့ ဟန်ဂေရီက အဖွင့်ပွဲမှာ ဂျာမနီကို ဂိုးပြတ်ခြေပြတ် ရှုံးခဲ့တယ်။ ဒါကြောင့်လည်း ဒီပွဲမှာ ဟန်ဂေရီအသင်း ပြန်လည်ရုန်းထဖို့ လိုအပ်နေတယ်။ ဘော့စနီးယားက အရင်လိုမာကျော မှုမျိုး မရှိတော့ပါဘူး။ ၀ါရင့်တိုက်စစ်မှူး ဂျက်ကိုနဲ့ ဒယ်မီရိုဗစ်တို့ တွဲဖက်မှုက စိတ်ဝင်စားစရာကောင်းပေမဲ့ နောက်တန်းက ဂိုးတွေ တောက်လျှောက်ပေးနေရတယ်။ ဒီပုံစံနဲ့တော့ ဟန်ဂေရီကွင်းမှာ ရလဒ်ကောင်းဖို့မလွယ်ပါဘူး။ အိမ်ရှင် ဟန်ဂေရီကို ကြိုက်တယ်။

♦ အယ်လ်ဘေးနီးယား - ဂျော်ဂျီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

အယ်လ်ဘေးနီးယားနဲ့ ဂျော်ဂျီယာတုုိ့လို အသင်းတွေရဲ့ ဘောလုံးအဆင့်အတန်း တိုးတက်လာမှုက မယုံနိုင်စရာလို့ ပြောရမယ်။ အယ်လ်ဘေးနီးယားအသင်းရဲ့ အသင်းလိုက်မာကျောမှု၊ စုဖွဲ့မှုက အားကောင်းသလို ဂျော်ဂျီယာကလည်း

နည်းစနစ်အရည်အသွေးပါ မြင့်မားတယ်။ ဂျော်ဂျီယာအသင်းရဲ့ နောက်ဆုံး ၃ ပွဲမှာ ပေါ်တူဂီကို ၂-၀၊ ချက်ကို ၄-၁ နဲ့ အနိုင်ရခဲ့့တဲ့ရလဒ်က ဒီအသင်းရဲ့ အရည်အသွေးကို သက်သေပြနေတယ်။ အယ်လ်ဘေးနီးယားကွင်းမှာ အကြိတ်အနယ်ကစား ရမှာသေချာပေမယ့် ဂျော်ဂျီယာကို ကြိုက်တယ်။

♦ ချက် - ယူကရိန်း (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

ချက်ရဲ့ ဘောလုံးအဆင့်အတန်းက တော်တော်လေး ကျဆင်းသွားတယ်။ ဒီပွဲမတိုင်ခင် ရှေ့ပွဲမှာလည်း ဂျော်ဂျီယာအသင်းကို အပြတ်အသတ် အရှုံးပေးခဲ့ရတယ်။ ချက်က ဂျော်ဂျီယာကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းက သရေပဲ ကစားနိုင်ခဲ့ပြီး အခုဒီပွဲမှာ ထပ်ရှုံးခဲ့တာဖြစ်လို့ ချက်က ဂျော်ဂျီယာရဲ့အောက်ကို ရောက်နေပြီလို့တောင် ပြောလို့ရတယ်။ ယူကရိန်းကလည်း တစ်ဟုန်ထိုး ခြေတက်လာတဲ့ အယ်လ်ဘေးနီးယားကို ရှေ့ပွဲမှာ ရှုံးထားခဲ့တယ်။ ဒီပွဲက အသင်းကြီးခြေကျ ချက်နဲ့ ယူကရိန်းတို့အတွက် အရေးကြီးတဲ့ပွဲပါ။ သရေကျဖို့များတယ်။

♦ အိုင်ယာလန် - ဂရိ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

အိုင်ယာလန်အသင်းက အင်္ဂလန်ကို ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းက မဆိုးဘူးလို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ တိုက်စစ်က တော်တော်လေး အားနည်းပါတယ်။ ဂရိအသင်းက ဖင်လန်အသင်းနဲ့ပွဲမှာ ထိပ်တန်းအဆင့်အရည်အသွေးကို ပြသနိုင်ခဲ့တယ်။ အသင်းမှာ ကစားသမားကောင်းတွေအများကြီးနဲ့ ဖွဲ့စည်းထားပြီး အသင်းလိုက်ကစားပုံလည်း ကောင်းတယ်။ ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် အရမ်းမကြီးပေမယ့် ဂရိက ပိုပြီးမာကျောတဲ့အသင်းဖြစ်ပါတယ်။ အိုင်ယာလန်ကွင်း ဖြစ်နေလို့ သရေကျဖို့တော့များတယ်။

♦ မြောက်မက်ဆီဒိုးနီးယား - အာမေးနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

မြောက်မက်ဆီဒိုးနီးယားအသင်းက ပြီးခဲ့တဲ့ပွဲမှာ ဖာရိုးကျွန်းစုများအသင်းကို အဝေးကွင်းမှာ သရေပဲ ကစားနိုင်ခဲ့တယ်။ မြောက်မက်ဆီဒိုးနီးယားရဲ့ ပွဲစဉ်တွေကို ကြည့်ရင် နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကို တွေ့ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အီတလီကို ဒုက္ခပေးနိုင်တဲ့အထိ မာကျောခဲ့ပေမယ့် နောက်ပိုင်းခြေကျလာတယ်။ အာမေးနီးယားကတော့ နောက်ဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲရထားပြီး ဒီနှစ်သင်း နောက်ဆုံးတွေ့ခဲ့တုန်းက မက်ဆီဒိုးနီးယားက ဂိုးပြတ်နိုင်ထားတယ်။ ဒီပွဲလည်း ကပ်နိုင်ဖို့ရှိတယ်။

♦ လတ်ဗီးယား - ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ၁၀:၃၀ နာရီ)

(၂)သင်းစလုံး ခြေစွမ်းကွာဟချက်သိပ်မရှိဘူး။ ဒါပေမဲ့ ဖာရိုးကျွန်းစုကတော့ ဒီဘက်နှစ်တွေမှာ သိသိသာသာ တိုးတက်လာတယ်လို့ဆိုရမယ်။ သရေကျဖို့များပြီး (၂)သင်းပေါင်း သွင်းဂိုးအနည်းကို ကြိုက်တယ်။

♦ အန်ဒိုရာ - မော်လ်တာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

အန်ဒိုရာက နောက်ဆုံး ၅ ပွဲမှာ ၁ပွဲသရေ ၄ ပွဲရှုံးထားပြီး မော်လ်တာက နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသရေ ၃ ပွဲရှုံးထားတယ်။ မော်လ်တာက နည်းနည်းသာပေမယ့် အဝေးကွင်းမှာ နိုင်လောက်တဲ့ခြေစွမ်း မရှိဘူး။ သရေကျဖို့ များတယ်။

Most Read

Most Recent