ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ရရှိသူ ခြောက်ထောင်ကျော်ရှိနေ

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ရရှိသူ ခြောက်ထောင်ကျော်ရှိနေ
Published 3 September 2024

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ခြောက်ထောင်ကျော်ရှိနေကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS) မှာ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ထပ်မံသွားရောက်လုပ်ကိုင်မည့်သူများ ဖြေဆိုရမည့် စာမေးပွဲလည်းဖြစ်သည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အဆိုပါစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူဦးရေမှာ ၆၀၁၁ ဖြစ်ပြီး စာမေးပွဲလျှောက်လွှာကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် အွန်လိုင်းမှ တစ်ဆင့်လက်ခံပေးမည်ဖြစ်ကြောင်း၊ စာမေးပွဲကို အောက်တိုဘာ ၁ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းကို အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ ဝင်ရောက်ဖြေဆိုနိုင်ပြီး ကိုရီးယားနိုင်ငံတွင် သုံးနှစ်အထိ ကောင်းမွန်စွာလုပ်ကိုင်သူဖြစ်ရမည်ဖြစ်ကြောင်း၊ စာမေးပွဲအောင်မြင်မှသာ အလုပ်လျှောက်လွှာတင်ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုချိန်တွင် မမှန်မကန်ဖြေဆိုခြင်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ စာမေးပွဲအတွင်း မမှန်မကန်ဖြေဆိုသည်ကို တွေ့ရှိရပါက ဖြေဆိုခွင့် လေးနှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း POEA က ထုတ်ပြန်ထားသည်။

ယင်းစာမေးပွဲကို အောင်မြင်ပြီးပါက အလုပ်လျှောက်လွှာစာရင်းတွင်သာ ပါဝင်မည်ဖြစ်ပြီး အလုပ်သွားရောက်လုပ်ကိုင်ခွင့် ကျိန်းသေရရှိမည်ဟု အာမခံနိုင်ခြင်းမရှိကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုမအောင်မြင်ခြင်း၊ တရားမဝင်နေထိုင်ခဲ့သည့် မှတ်တမ်းရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခံရသူများမှာ အလုပ်လျှောက်ထားသူအဖြစ် ရွေးချယ်ခံရမည်မဟုတ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ခုနစ်သောင်း ကျော်ရှိနေပြီး လစဉ်ရာနှင့်ချီ သွားရောက်လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent