တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ ဖြစ်ပွားနေစဉ် ဖိလစ်ပိုင်နှင့် ဗီယက်နမ်က စစ်ဘက်ဆက်ဆံရေး တိုးမြှင့်မည်

တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ ဖြစ်ပွားနေစဉ် ဖိလစ်ပိုင်နှင့် ဗီယက်နမ်က စစ်ဘက်ဆက်ဆံရေး တိုးမြှင့်မည်
Photo-AFP
Photo-AFP
Published 31 August 2024

တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တရုတ်နှင့်ကာလကြာမြင့်စွာ အငြင်းပွားလျက်ရှိသည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်အဖြစ် ကာကွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ ရှေ့ဆက်လုပ်ဆောင်ရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် ဩဂုတ် ၃၀ ရက်က သဘောတူညီခဲ့ကြသည်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ကျန်းသည် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မနီလာမြို့သို့ ရောက်ရှိလာခဲ့ပြီး ယင်းသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၃၀ ရက် အစောပိုင်းက ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်။ 

"အဆင့်အသီးသီးမှာ အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကနေ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားဖို့ အခိုင်အမာ ကတိပြုကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက ပြောကြားခဲ့တယ်" ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် ယခုနှစ်မကုန်မီ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးရန် ရည်မှန်းထားသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများနှင့် စစ်ဘက်သုံး ဆေးဝါးများနှင့် ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်မှုများ တိုးမြှင့်မည့် သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက်တွင် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး တီယိုဒိုရိုက ပြောကြားခဲ့သည်။ 

မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြင့် နိုင်ငံတကာဥပဒေ မူဘောင်အတွင်းမှ ဖြေရှင်းရန်လည်း ၎င်းတို့နှစ်ဦးက သဘောတူညီခဲ့သည်။

"အနောက်ဖိလစ်ပိုင်ပင်လယ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ်လို့လည်း လူသိများတဲ့ အရှေ့ပင်လယ်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဘေးကင်းလုံခြုံမှုနဲ့ လွတ်လပ်စွာ ရေကြောင်း၊လေကြောင်း သွားလာခွင့်တို့ကို ထိန်းသိမ်းခြင်းရဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အမြင်ချင်းတူညီပါတယ်" ဟု ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးက ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

Ref: Reuters

Most Read

Most Recent