စာချုပ်နောက်ဆုံးနှစ်သို့ ရောက်နေပြီဖြစ်သော်လည်း အနာဂတ်အကြောင်း မစဉ်းစားထားဘဲ ပျော်ရွှင်စွာနေလိုကြောင်း ဆာလာ ဖွင့်ဟ

စာချုပ်နောက်ဆုံးနှစ်သို့ ရောက်နေပြီဖြစ်သော်လည်း အနာဂတ်အကြောင်း မစဉ်းစားထားဘဲ ပျော်ရွှင်စွာနေလိုကြောင်း ဆာလာ ဖွင့်ဟ
Photo: X
Photo: X
Published 31 August 2024

 

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက စာချုပ်နောက်ဆုံးနှစ်သို့ ရောက်နေပြီဖြစ်သော်လည်း အနာဂတ်အကြောင်း မစဉ်းစားထားဘဲ ပျော်ရွှင်စွာနေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆာလာ (၃၂ နှစ်) နှင့် လီဗာပူးလ်အသင်း၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ၎င်းအား ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းသော်လည်း လီဗာပူးလ်အသင်းက လက်မခံဘဲ ပယ်ချခဲ့သည်။ 

ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနနှင့် တွေ့ဆုံစဉ် အနာဂတ်အကြောင်း မေးမြန်းမှုအပေါ် ဆာလာက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။ "ရာသီမစခင်တုန်းက ကျွန်တော့်မှာ တစ်နှစ်ကျန်သေးတယ်။ စာချုပ်အကြောင်း မစဉ်းစားဘဲ ပျော်ပျော်ပါးပါးနေရအောင်လို့ တွေးထားတယ်။ လာမယ့်နှစ် ဒါမှမဟုတ် အနာဂတ်အကြောင်းကို ကျွန်တော်မတွေးချင်ဘူး။ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်တယ်။ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ အရေးကြီးဆုံးက တစ်ရက်ချင်း အချိန်ယူဖို့ပါပဲ။ ဒီအသင်းမှာ ရှိနေခွင့်ရလို့ ဝမ်းသာပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဆာလာသည် ၂၀၁၇ ခုနှစ် ဇူလိုင်တွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် ၄၃ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ယခု ရာသီအပါအဝင် ရှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၃၅၁ ပွဲကစား၊ ၂၁၃ ဂိုး သွင်းယူပေးထားသည်။ ၎င်းသည် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ် (၂၀၁၉-၂၀၂၀)၊ FA ဖလား (၂၀၂၁- ၂၀၂၂)၊ လိဂ်ဖလား (၂၀၂၁-၂၀၂၂)၊ ကွန်မြူ နတီဒိုင်း (၂၀၂၂)၊ ချန်ပီယံလိဂ် (၂၀၁၈- ၂၀၁၉)၊ ဥရောပစူပါဖလား (၂၀၁၉)၊ ကလပ် ကမ္ဘာ့ဖလား (၂၀၁၉) တစ်ကြိမ်စီ ဆွတ်ခူးရရှိထားသည်။ 

ဆာလာသည် ၂၀၂၂ ခုနှစ် ဇူလိုင်တွင် ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိသည့် သုံးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်အရ အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး ကစားသမားအဖြစ် တစ်ပတ်လစာ ပေါင် သုံးသိန်းခွဲရရှိနေသည်။

၎င်းအနေဖြင့် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင်လည်း ခြေစွမ်းပြကစားနေပြီး ရာသီအဖွင့် ပွဲစဉ်နှစ်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားသည်။ ဆာလာသည် အီဂျစ်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်ပြီး ပွဲ ၁၀၀ ကစား၊ ၅၇ ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent