ဘားအံမြို့နယ် ကော့ဝါးဆူးကျေးရွာတွင် ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး 

ဘားအံမြို့နယ် ကော့ဝါးဆူးကျေးရွာတွင် ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး 
Published 29 August 2024

ကရင်ပြည်နယ်ဘားအံမြို့နယ် ကော့မူးတာ ကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာတွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းအစောပိုင်း က ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်များအရ သိရသည်။ 

သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲ ဝန်းကျင်ခန့်က အဆိုပါ ကော့ဝါးဆူးကျေးရွာ ရာအိမ်မှူးဖြစ်သူ အသက် (၄၇) နှစ်အရွယ် စောကျော်ပိနှင့်ဇနီးဖြစ်သူ အသက် (၅၄) နှစ် အရွယ် နန်းမားဆောက် တို့နှစ်ဦး နေထိုင်ရာ နေအိမ်ဘက်မှ သေနတ်သံ (၆) ချက်ခန့်ကြား ခဲ့ကြရကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။ 

၎င်းကဆက်လက်ပြီး “မနက်ကျတော့ စောကျော်ပိရဲ့ ယောက်ဖဖြစ်သူက စောထွန်းနိုင်က သူ့ဆိုင်ကယ်မှာ ဘက္ထရီအား မရှိလို့ စောကျော်ပိအိမ်လာပြီး ဆိုင်ကယ် ဘက္ထရီလာလဲတော့ အနီးကလူတွေက ညက စောကျော်ပိရဲ့အိမ်ဘက်က သေနတ်သံကြား ရတဲ့အကြောင်းပြောကြလို့ အိမ်ပေါ်တက် ကြည့်ကြတော့မှ စောကျော်ပိ တို့ လင်မယား နှစ်ယောက်လုံး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး နေကြတာကို တွေ့ကြရတာပါ” ဟု ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် စောကျော်ပိ တွင် ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာနားရှေ့မှဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နန်မားဆောက်တွင် ညာဘက်မျက်လုံး အောက်ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ညာဒူးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိပြီး အခင်းဖြစ်ပွားရာ နေအိမ်အ တွင်း သေဆုံးခဲ့ကြကြောင်း သိရသည်။

ထိုကော့ဝါးဆူးကျေးရွာ ရာအိမ်မှူး စော ကျော်ပိ နှင့် ဇနီးဖြစ်သူ နန်းမားဆောက် တို့ နှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့ က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။

 

Most Read

Most Recent