အမေရိကန်၏ ပိတ်ဆို့မှုအသစ်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ် ပြောကြား

အမေရိကန်၏ ပိတ်ဆို့မှုအသစ်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ် ပြောကြား
၂၀၁၉ ခုနှစ် မေ ၁၄ ရက်က ပေကျင်းမြို့ရှိ ဟိုတယ်တစ်ခုအပြင်ဘက်တွင် အမေရိကန်နှင့် တရုတ်အလံများကို တွေ့ရစဉ်(Photo:AFP)
၂၀၁၉ ခုနှစ် မေ ၁၄ ရက်က ပေကျင်းမြို့ရှိ ဟိုတယ်တစ်ခုအပြင်ဘက်တွင် အမေရိကန်နှင့် တရုတ်အလံများကို တွေ့ရစဉ်(Photo:AFP)
Published 25 August 2024

တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်က ပိတ်ဆို့မှုအသစ်များ ချမှတ်မှုကို တရုတ်အနေဖြင့် အလွန်စိတ်ပျက်မိကြောင်းနှင့် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်မှုရှိတဲ့ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး အမေရိကန်အနေနဲ့လည်း အခုလို မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို ချက်ချင်းရပ်တန့်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်”ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

သြဂုတ် ၂၃ ရက်က အမေရိကန်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ထောက်ပံ့ပေးနေသည်ဟု ယူဆရသည့် တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီပေါင်း ၄၀၀ နီးပါးကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ ယူကရိန်းကို ရုရှား၏ ကျူး ကျော်မှုအား ထိန်းချုပ်ရန် အစီအစဉ်များကို ချဲ့ထွင်ခဲ့သည်။

ပိတ်ဆို့မှုချမှတ်ခံရသည့် တရုတ်ကုမ္ပဏီများထဲတွင် ရုရှားကို မိုက်ခရိုအီလက်ထရောနစ်များနှင့် စက်ယန္တရားပစ္စည်းများ ရောင်းချနေသည့် ကုမ္ပဏီများလည်း ပါဝင်သည်ဟု အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအတွင်းနှင့် ရုရှားနိုင်ငံအပြင်ဘက်တွင်ရှိနေသည့် ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများသည် ပိတ်ဆို့မှုများကို ရှောင်ရှားပြီး ရုရှားအား ၎င်း၏စစ်ရေး အားထုတ်ကြိုးပမ်းမှုများကို ဆက်လက်လုပ် ဆောင်နိုင်စွမ်းရှိစေသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကမူ အမေရိကန်၏ လုပ်ဆောင်ချက်သည် တစ်ဖက်သတ် ပိတ်ဆို့မှုများဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးအခင်းအကျင်းနှင့် စည်းမျဉ်းများကို အနှောင့်အယှက်ဖြစ်စေကာ ပုံမှန်ဖြစ်သည့် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများကို ဟန့်တားနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေး ကွင်းဆက်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကမူ ရုရှား၏ ကာကွယ်ရေး ကဏ္ဍအတွက် တရုတ်၏ ထောက်ပံ့ပေးမှုနှင့်ပတ်သက်ပြီး တရုတ်ကို မကြာခဏ သတိပေးခဲ့သည်။

သို့သော် တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ကြားနေအဖြစ် ရပ်တည်ကြောင်းကြော်ငြာခဲ့ကာ အမေရိကန်နှင့် အခြားအနောက် နိုင်ငံမျးနှင့်မတူဘဲ မည်သည့်ဘက်ကိုမျှ သေစေနိုင်လောက်သည့် အကူအညီများ ပေးပို့ ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် တရုတ်သည် ရုရှား၏ နိုင်ငံရေးနှင့် စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး နေတိုးအဖွဲ့ကမူ ရုရှား၏ ယူကရိန်းကျူးကျော်စစ် ကိုမည်သည့်အခါကမျှ ရှုတ်ချခဲ့ခြင်းမရှိသည့် တရုတ်ကို ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးနိုင်သည့် အခန်းကဏ္ဍတွင်ရှိနေသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လအတွင်းကလည်း ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

Ref:AFP

                                             

Most Read

Most Recent